ထိုအခါ ကဒူးလူမျိုးတစ်ယောက်သည် တင်းတိပ်ကို ခေါင်းမြီးခြုံပြီးလျှင် သေရည်ဗူးကို လွယ်လျက်၊ နွားနက် တစ်ခုကို စီး၍ နန်းတော်ရာ ရွှေပန္နက်အနီးသို့ ရောက်လာေ သာကြောင့်၊ တြင်းသံ နဝင်းသံ စောင့်သူတို့က ဘမ်းဆီးရာ ထိုယောက်ျားသည် ကြောက်လန့်တကြား ဖြစ်သဖြင့် သေရည်ဗူးကို ပစ်ချလိုက်သည်ကာလ၊ ရွှေပန္နက်ပေါ်သို့ ကျသဖြင့် နန်းတော်ရာမြေကို အရက်ရည် ဖြန်းဘိသကဲ့သို့ သေရည်ဗူးကွဲလေ၏။
ထိုမှတပါးလည်း ရွှေပန္နက်သည်း ချစဉ်၊ တောင်အရပ်မှ ကြယ်တံခွန် ထွက်သည်။ ဥက္ကာကျသည်၊ လုံးပတ် လေးထွာခန့် ပမာဏရှိသော မြွေစပါးကြီးတစ်ခုသည်၊ တမုဟုတ်ခြင်း ပေါ်လာ၍ ရွှေပန္နက်သည်းကိုပတ်ခွေပြီးလျှင် သျှူးသျှူး ဟူသော အသံကို မြည်လျက်တောင်အရပ်သို့ ထွက်သွားလေသည်။
ဤသို့လျှင် အရပ်ရပ် ဖြစ်ထွန်းသော တိတ်၊ နိမိတ်
တြင်းသံ နဝင်းသံများနှင့် မြို့၊ ကျုံး ဘုရားများကို တည်
ထားပြီးစီးကြောင်း၊ ပြည်မည်၊ မြို့မည်၊ ဘုရားမည်များ
ကို ဘွဲ့နာမံတော် မခြည်ရသေးကြောင်း။ မြို့နေပုံစံ၊သဏ္ဌာန်၊ တာကွာများနှင့် နောင်တော်မင်းနှစ်ပါးထံ အမတ်ကျော်ကို စေလွှတ်တင်လျှောက်စေသည်။
နောင်တော် မင်းနှစ်ပါးသည်လည်း ထင်ရှား အတိတ်၊ နိမိတ်ဖြစ်ဟန် အရေးများကို မေးတော်မူသည်ဖြစ်၍၊ ရခိုင်အမတ်ကြီး ဝိဒူရကျော်ခေါင် လျှောက်သည်ကား...
အရှင်မင်းမြတ် - ညီတော်နှစ်ပါးတို့ကို အရေးပေးတော်မူ၍ တည်ထောင်စေသော အချက်တွင် နွားနက် စီးသောသူ၌ အရက်ဗူး ကွဲပျက်၍ ပန္နက်၏ အပေါ်သို့ ကျရောက်သည် အလိုမှာ- တိုင်းတော် ပြည်တော်၌ နေကုန်သောသူတို့သည် ရေစာပေါများ၍ သောက်စား ယစ်ဝ ပျော်မြူးအံ့သောအကြောင်း ဖြစ်ပါသည်။
တင်းတိမ်ကို ခြုံလျက် လာရောက်သည် အလိုမှာ
တင်းတိမ်၏ သဘောသည် နေပူတံလျှပ်၊ မိုးစွတ် နှင်းပက် ရှိသောအခါ၊ ကာသော် လည်းကောင်း၊ မိုးသော် လည်းကောင်း၊ ခြုံသော်လည်းကောင်း လုံခြုံခြင်းကို ရပါသည်။
ယင်းသို့သာလျှင် မဟုတ်သေး-တင်းတိမ်ဟူသော အမည်သညာ၊ အက္ခရာခေါ်ဝေါ်သော အလို၊ ဤပြည်တော်၌၊ နေသော သူတို့သည် လယ်ယာလုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ မင်းမှီစိုးကပ် ပြုခြင်း စသော ဥစ္စာ ရှာမှီးခြင်း အရပ်ရပ်တွင်၊ သိန်း, သန်း, ကုဋေ၊ ပေါများကြွယ်ဝ၊ လောက်င တုံတွင်အောင်၊ မရှာမမှီး၊ သာမည စိုးစဉ်းရှိလျှင် တင်းတိမ် လွယ်ရာသော
အကြောင်း ဖြစ်ပါသည်။
ထိုသို့သော နိမိတ်၊ အတိတ် လက္ခဏာ၊ မြတ်မွန်ရာ သည်ကို အကြောင်းပြုသဖြင့် ရွှေပြည်တော်ကို ရတနာတင်းတိမ်ဟု၊ သမုတ်တော်မူရလျှင်၊ နေပူတံလျှပ်၊ မိုးစွတ်နှင်းပက်နှင့် တူသော ရန်သူတပါးတို့၊ မှောက်မှား ကျင့်ကြံရှိသော်လည်း မပေါက်မရောက်နိုင်ရာ။ ကောင်းစွာ လုံခြုံအံ့သော အကြောင်း ဖြစ်ပါသည်။
နွားနက်ကို စီးလာသည့်အလိုမှာ- နွားကား စနေ
နံ၊ နက် အက္ခရာလည်း စနေနံ၊ စနေနံ ၂ ချက်နှင့် အက္ခရာေ ပ်ါရှိသည်တရပ်။
ရွှေဘုံ ရွှေနန်း တည်တော်မူသော အရပ်ဒေသ
ပုံစံတွင်လည်း
အရှေ့ ကား- မင်းဝံ ရိုးမတောင်၊
တောင်ကား- တောင်ညို-မင်းပြင်တောင်၊
အနောက်ကား- ခိုတောင်၊
မြောက်ကား- ပုပ္ပါးတောင်ခြေ၊
ဤသို့လျှင် ရာဇဂြိုဟ်ပြည်ကြီးကဲ့သို့၊ ညိုညိုမှိုင်းမှိုင်း
တံတိုင်းသဘွယ်၊ တောင်ပတ်လည်ရစ်သွယ်လျက်၊လယ်ပယ်ချိုင့်ဝှမ်း၊ ပူချမ်းမျှတ၊ မိုးကျရေလာ၊ ဆင်စာမြင်းစာ၊ ပေါများရာ ခပင်း၊ တွင်း၏သဏ္ဌာန်၊ ရှိလေသည့် အဟန်ကြောင့် မြို့တော်ကို တောင်တွင်းကြီး ဟု သမုတ်တော်မူရလျှင် ပြည်သူချမ်းသာ၍၊ သာသနာ စည်ပင်၊ လူရှင်ပျော်ပါး အစားအသောက် တောင်ကဲ့သို့ မောက်အံ့သော၊ အကြောင်း ဖြစ်ပါသည်။
ရွှေပန္နက်သည်းကို စပါးကြီး ပတ်ခွေသည် အလိုမှာ-စပါးကြီးမြွေတို့သဘောသည်၊ အခြားသော မြွေတို့ကဲ့သို့ အစာအာဟာရတို့ကို၊ လှည့်ပတ် သွားလာ၊ ရှာစားသော အလေ့ မရှိပါ။ မိမိချက်ကြိုး ငြိလျှင်၊ အနီးအပါး၌ ရှိသော သမင် ဒရယ်၊ ယုန်ငယ် ကျွဲ နွား အစရှိသော သတ္တဝါတို့သည် တခြားတပါးသို့ ထွက်သွားခြင်းငှါ မစွမ်းနိုင်ပါ။ စွမ်းရောက်သရွေ့ပင် ပြေးသွားငြားသော်လည်း စပါးကြီးမြွေ ရှိရာ၊ အဖန်တလဲလဲ ရောက်လာရဘိသကဲ့သို့ အစာအာဟာရ
တို့ကို လှည့်ပတ်သွားလာ ရှာစားခြင်း အလေ့မရှိ။
ယခု တည်ထောင်တော်မူသော ရွှေပြည်တော်
သည်လည်း၊ အဝတ်အစား၊ စပါးဆန်ရေ၊ ရွှေငွေ ဥစ္စာ ရတနာ တို့ဖြင့်၊ လွယ်လင့်တကူ၊ ရှာယူပေါများခြင်း ရှိမည်ြ ဖ စ်ေ သာကြောင့် ဆင်းရဲသား ကျွန်တော်မျိုးတို့ ကြက်ပျံမကျ၊ ပြည့်ဝ ချမ်းသာ၍ အိမ်ခြေလူနေအများ၊ တိုးပွားကြီးကျယ်ရန် ရှိပါသည်။
ဤပြည်မြို့မှ-အခြားသော တိုင်းပြည်မြို့များသို့
ထွက်သွား ပြောင်းရွှေ့ ရှိသော သူတို့သည်လည်း အရှည် လေးမြင့်၊ နွှဲဖင့်၍ မနေနိုင်ပါ။ စပါးကြီးမြွေ ချက်ကြိုးကို တိုးမိသော သတ္တဝါကဲ့သို့၊ ပြည်တော် တိုင်းတော်သို့သာ၊ အလျင်တဆာ ပြန်ရောက်နေထိုင် ရာသောအကြောင်း ဖြစ်ပါသည်။
ထိုစပါးကြီးမြွေ သျှူးသျှူး ဟူသော အသံကို မြည်လျက်၊ ထွက်သွားလေသည့်အလိုမှာ-သီဟိုဠ်ကျွန်း
သားတို့ဘာသာ၊ သျှသျှူးဟူသော စကားကို မဂဓရဇ် တိုင်းသားတို့ဘာသာ သုသု ဟူသော အက္ခရာကို ရပါသည်။ ထို သုသုဟူသော စကားကို မြန်မာဘာသာ ပြန်ဆိုလျှင် ကောင်း၏၊ ကောင်း၏ ဟုဆိုသော ကောင်းချီးပေးခြင်းအနက်ကို ရသည် ဖြစ်သောကြောင့်၊ တိုင်းပြည်ထီးနန်း၊ တည်ထောင်သည်ကို သမာဒေဝ စသောနတ်ကောင်း နတ်မြတ်တို့ ကောင်းချီးပေးခြင်း ဖြစ်ပါသည်။
ထိုစပါးကြီးမြွေ တောင်အရပ်သို့ ထွက်သွားသည် အလိုမှာ- ဒက္ခိဏ ဒိသာ တောင်မျက်နှာကိုအယူတော် မရှိသင့်။ မြေကြီး မောက်မိုသောတောင်ကိုယူရပါမည်။ မြန်မာဘာသာ တောင်ကို ရှမ်းကဒူးလူမျိုးတို့ဘာသာ၊ လွယ် ဟူ၍ ခေါ်ပါသည်။ တိုင်းတော်ပြည်တော်ကို ရန်သူတပါး၊ နှောက်ယှက်ငြားလည်း၊ လွယ်လင့်တကူ၊ အောင်မြင်တော်မူ အံ့သော အကြောင်းဖြစ်ပါသည်။
ဤသို့လျှင် အရပ်ရပ်သော ကျမ်းဂန်၊ ထုံးစံပဝေဏီ
နည်းမှီစံကျ၊ စကားများနှင့် လျှောက်ထားလျှင်၊ အလွန်အားရ နှစ်သက်တော်မူသည်ဖြစ်၍
ပြည်တော်ကို ရတနာတင်းတိမ်၊
မြို့တော်ကို- တောင်တွင်းကြီးမြို့၊
သမုတ်၍၊ ကမ္ပည်း မော်ကွန်းတိုင် စိုက်မှတ်ရမည် အကြောင်း များနှင့် ညီတော်နှစ်ပါးထံ မိန့်တော်ပြန်ဆိုသည်။
ထိုမှတပါး အမတ်ကြီး ဝိဒူရ ကျော်ခေါင် ထပ်မံလျှောက် ဆိုပြန်သည်ကား၊ ဘုန်းတော် အလွန်ကြီးလှသော အရှင်မင်းမြတ်၊ သုံးလူ့ အထွဋ်၊ သဗ္ဗညု မြတ်စွာဘုရားသည်၊ ၁၆ ဝါမြောက်၊အာဠဝီပြည်တွင်၊ သီတင်းသုံး နေထိုင်တော်မူ၍ အာဠဝီ ဘီလူးကို ထူးမြတ်သောတရား ဖြင့် ဟောကြားဆုံးမ
တော်မူစဉ်- ဘီလူးစာ ပို့ရောက်သော အာဠာဝကရွာစား မင်း၏ သားကို ဘုရားမြတ်စွာ တောင်းယူ၍ အတူ နောက်ပါ ခေါ်ပြီးလျှင် ၊ လွန်လေပြီးသော ဘဝ၊ ခိုမင်းအစစ် ဖြစ်တော် မူဘူးသော၊ ခိုတောင်သို့ ဝေဏေယျ သတ္တဝါကို ဒေသနာရေ ၊ တိုက်ကျွေးတော်မူမည်၊ ဒေသစာရီ ကြွချီဆိုက်ရောက်သည် ကာလ၊မျောက်ညီနောင် လေးခုတို့သည်၊ သဒ္ဓါတရား၊ လွန်
ကြီးမား၍၊ ဘုရားမြတ်စွာကို၊ သရက်သီးလေးလုံး ကပ်လှူ ကြပြီးလျှင်၊ ထိုသရက်စေ့ကိုလည်း၊ မြေတွင် တပေါင်းတည်း မြှုပ်နှံလေသည်။
ထိုအကြောင်းကို ဘုရားရွှေဉာဏ်တော်ဖြင့် မြင် တော်မူ၍ ဤသရက်သီး လေးလုံး ကပ်လှူသော မျောက် ညီနောင်လေးခုတို့သည် နောင်လာလတ္တံ့သော အဓွန့်ကာလ၌၊ ဤခိုတောင်မှ၊ အရှေ့တူရူအရပ်တွင်မင်းမြတ် ညီနောင် လေးဦး ဖြစ်၍ တိုင်းပြည်ထီးနန်း တည်ထောင်ပြုစုမည်။
သရက်လေးစေ့ကို တပေါင်းတည်း မြှုပ်နှံသော
အလိုမှာ- ထိုပြည်မှ ဆင်းသက်လာသော ချောင်း မြောင်း တို့သည် တပေါင်းတစည်းတည်း ဖြစ်၍ ဤခိုတောင်ကို ထွင်းဖောက်ပြီးလျှင် ဧရာဝတီမြစ်သို့ပတ်ရစ် ဆင်းသွားအံ့သော အကြောင်း ဖြစ်သည်။
လေးခုသော သရက်စေ့လည်း တပေါင်းတည်း
သော သရက်လေးပင်၊ အထင်အရှား ပေါက်၍မျောက် အပေါင်းအား စားသောက် မှီခိုစရာ များစွာဖြစ်အံ့သည်ဟု၊ ဗျာဒိတ်တော်စကား မိန့်ကြားတော်မူ ဘူးသည်နှင့်အညီ၊ ထိုထိုသို့သော ချောင်းငယ် မြောင်းငယ်တို့မှ စီးသော ရေသည်၊ တရောတယှက်တည်းပေါင်း၍ ခိုတောင် ဟူသော တောင်ကို ထွင်းဖောက်၍ သွားကြောင်း။
တရောတယှက်တည်းသော သရက်ကြီးလေးပင်တို့
သည် အထင်အရှား ပေါက်ရောက်ရှိသည် အလိုကို ထောက် သော် ဗျာဒိတ်စကား မိန့်ကြားတော်မူသော မျောက်ညီနောင် လေးဦးတို့သည် အသျှင်မင်းမြတ်တို့ပင် ဖြစ်တော့သည်-ဟု လျှောက်ထားလျှင်-
မိဖုရား မလ္လာကို ခေါ်တော်မူ၍ အမိန့်တော် ရှိသည်ကား-ခမည်းတော် ဒွါရာဝတီမင်းက ထည့်အပ်တော်
မူလိုက်သော ဤအမတ်ကြီး ဝိဒူရကျော်ခေါင်သည် မင်းရေး မင်းရာ၌သာ လိမ္မာ ပြွမ်းတီးသူမဟုတ်၊ လောကုတ္တရာတရား၌ လည်း ငါ့အား ညွှန်ပြ၊ အတိတ်က စကားကိုလည်း မှတ်သားေ လာက်အောင်၊ တဘောင် သိုက်ထွက်နှင့်၊ စဉ်ဆက်ဟောပြော နိုင်သူ ဖြစ်ပေသည်-ဟု အဘအမှတ်ထား၍၊ ကြီးကျယ်သော နေရာထူးကို ပေးသနားတော်မူသည်။
ဒွါရာဝတီ စံနေရာအရပ်ကိုလည်း ဦးသုံးကြိမ်ချ၍
ကန်တော့ပြီးလျှင် မိဖုရား နုမလ္လာကို ရွှေချိန်ပိဿာတစ်ရာ
ကောင်းခြံပေးတော်မူသည်။
ယင်းသို့သော အကြောင်းဖြင့် ယခုတိုင် ထင်ရှားရှိသော
သရက်လေးပင်ရွာနှင့် တာ ၂၀၀ ကွာခန့် အရပ်ဖြစ်သော ခို
တောင်ကို ရေထွင်းဖောက်၍ သွားသောကြောင့် “တောင်ထွင်း
ကြီးမြို့” သမုတ်သည်-ဟု၊ ပြောထုံးဆိုလေ့ ရှိကြသည်။
ထိုသို့ ပြောထုံး ဆိုလေ့ရှိသော စကားလည်း ရင်းဖျား ၊
အဓိပ္ပါယ်ကို ကုန်စင်အောင်မသိ၊ မှတ်သားမိသရွေ့ စကားနှင့် ၊
ပွားများ ပြောဆိုခြင်း၊ ခိုတောင်ကို ရေထွင်း၍ တောင်တွင်းကြီး
မြို့၊ သမုတ်ခြင်း စသော စကားကို ယိုးမှားတူယောင်၊ သောင်
တင် ရေမရ၊ ပြောဆိုကြသော စကားလည်း၊ အလွတ်မဲ့ ပြောဆို
သည် မဟုတ်ပေ။
မင်းညီနောင် လေးပါးကို ဗျာဒိတ်ကြားတော်မူဘူးသော ခိုတောင်။ထိုခိုတောင်ကို အရင်းထား၍ စကားတူရာ၊ ယုတ္တာ ယုတ္တိ၊ ရှိသင့် လောက်သော အမှုနှင့်၊ ပြုစု ပြောဆိုသော စကားဖြစ်၍၊ ယင်းစကားကို လားလား သက်သက်၊ မပယ်သာ။ ထိုက်ရာ ကြိုက်ရာ၊ နှစ်မြို့ရာ အခွင့်ကို၊ အသင့်နှလုံးသွင်း ကုန်ရာသည်။
ဤကား စကားချပ်တည်း။
------------
ထိုမှတပါးလည်း ရွှေပန္နက် ချစဉ်၊ တောင်အရပ်မှ၊
ကြယ်တံခွန်ထွက်သော အကြောင်းကို မေးတော်မူပြန်၍
အမတ်ကြီးဝိဒူရကျော်ခေါင် လျှောက်ဆိုသည်ကား
တာရက ဓဇာ၊ ဒက္ခိဏ ဒိသာ၊ ရာဇပူဇံ ကရောတိ။
ဟူသော ကျမ်းဂန်စကားနှင့် အညီ၊ တောင်အရပ်က ထွက်လျှင်- မင်းတပါးတို့၊ ရထားမြင်းဆင်၊ ဆက်တင် ပို့ရောက်အံ့သော အကြောင်း။ အနောက်အရပ်က ထွက်လျှင်-အနောက် တိုင်းပြည်၌ နေကုန်သော တိုင်းသားပြည်သူ၊ ရှင် လူ ရဟန်းတို့၊ ညှိုးနွမ်းရာသော အကြောင်း။ မြောက်အရပ်က ထွက်လျှင်
ပြည့်ရှင်မင်း၌ ဘိုးထိုက်ဥစ္စာ၊ ရတနာထွေ၊ ရွှေမိုးငွေသို့၊ ရောက်လေရာသောအကြောင်း။ အရှေ့က ထွက်လျှင်- အရှေ့တိုင်းပြည်၌ နေသည့်လူများ၊ ဆင်းရဲသားတို့၊ အစား ဆန်ရေ၊ လုပ်ခြေ ဒါ့ပါး၊ ပျက်ပြား ငတ်မွတ်ရာသောအကြောင်း ဖြစ်ပါသည်။
ယင်းသို့ဖြစ်၍ ယခု နန်းတော် ရွှေပန္နက်သည်း
ချစဉ်၊ တောင်အရပ်မှ ကြယ်တံခွန် ထွက်ပြသည်မှာ တိုင်းပြည် သာယာ၍၊ ဘုန်းအာဏာ ကြက်သရေတို့သည်၊ မြစ်ရေ အယာဉ်ကဲ့သို့ တိုးတက်တော်မူမည် အမှန်၊ ဧကန် မုချ ဖြစ်ပါကြောင်း။
ဥက္ကာကျသည့် အလိုမှာ- ဝါတသိင်္ဂတေသု=လေ
အစုတို့သည်၊ ဝေန = အဟုန်အားဖြင့်၊ အညမညံ။အချင်းချင်း၊ သံဂတ သု=ခိုက်တိုက်ကုန်သည် ရှိသော်၊ ဒီပိကော ဘာသောဝိယ = မီးရှူး၏အရောင်ကဲ့သို့သော၊ သြဘာသော = အရောင်သည်၊ အာကာသတော = ကောင်းကင်မှ၊ ပတတိ = ကျ၏။ တတြ =ထိုမီးရှူး၏ အရောင်ကဲ့သို့သော တရောင်ကျရာ အရပ်၌၊ အယံ ဥက္ကာပါတ ဝေါဟာရော = ဤသို့ ဥက္ကာ ကျသည်-ဟု ခေါ်ဝေါ်ခြင်းသည်၊ ဟောတိ=ဖြစ်၏။
တညှိဒေသေ = ထိုဥက္ကာကျသော အရပ်ဒေသ၌၊
ဝသန္တာ = တည်နေကုန်သော၊ စတုပ္ပါဒေါ = အခြေလေးချောင်း ရှိသော၊ သိင်္ဂ = ဦးချိုပေါက်ရောက်ကုန်သော၊ သတ္တာ = သတ္တဝါတို့သည်၊ ဒု ဗ္ဘိက္ခံ = ဆင်းရဲခြင်းမှ၊ နမုစ္စေ = မလွတ်ရာ။
ဤသို့လျှင် ပါရာတိတ္ထီ၊ သရဒွေး၊ သရောဒယ
စသော ကျမ်းများတွင် ထင်မြင်လာရှိသည်အတိုင်း အရှင်မင်း ကြီးတို့၌ အပြစ်မရှိပါ။ သတ္တဝါ အခြေလေးချောင်းမှာသာ ဝဋ်ဟောင်းမကင်းသူတို့၊ ဆင်းရဲခြင်းဖြစ်ရပါသည်။
ဟု - လျှောက်ထားလျှင်၊ အမတ်ကြီးအား ပတ္တမြား လက်စွပ်တစ်ခြည်၊ ဆုပေးတော်မူပြန်သည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment