တောင်တွင်းကြီးသမိုင်း
နမောတဿ ဘဂဝတာ၊ အရဟတာ၊ သမ္မာသမ္ဗုဒ္ဓဿ
ပဋိညာဉ်နိဒါန်း
နာဂသျှန္တ ၊ မဏိပူရ၊ ကမ္ဗောဇ၊ ဇောတိနဂရ၊ခေမာဝရ၊ မောရိယ၊ ဟရိဘုဉ္စ၊ သုဏ္ဏဘုမ္မိ၊ သီရိပစ္စယာသုနာပရန်၊ တမ္ပဒီပ စသော တိုင်းကြီးပြည်ကြီးတို့နှင့်တကွ တစ်ရာ့တစ်မျိုး၊ ခိုးကိုးမြတ်ရှိုင်း၊ တလိုင်း၊ ကုလား ၊ယိုးဒယား ယွန်း၊ ဂျွန်း လဝသက်၊ တရက် တရုပ်၊ပချူကသီ၊ ဝေသာလီနှင့်၊ ဒီလီပဇာ၊ ဘင်္ဂါရခိုင်၊ ခရိုင်ဒေသ မြို့ပြထီးဆောင်း၊ မင်းအပေါင်းတို့၏ အသျှင်၊ ဆဒ္ဒန်ဆင်မင်း သခင်၊ သင်္ဘော ယာဉ်ငြင်၊ သမင် သိန္ဓဝ၊ နွားကြီး ဥဿဘ၊ သားမျိုး ကသော၊ ရထားစကြာများသခင်၊ ပဉ္စမသင်္ဂါယနာတင်၊ ရတနာပုံ ရွှေပြည်တော်ကြီးကို လက်မွန်အစ ပဌမ တည်ထောင်ရင်း ဖြစ်တော်မူသော၊အသျှင်ဘဝရှင် မင်းတရားကြီး၏ လက်ထက်တော် -
၁- တောင်တွင်းကြီးမြို့၊ နွားလှသွောံကြီးအရာ သူကောင်းပြု
တော်မူသည်ကို ခံရသည်။
၂- ၎င်းနောက် မြို့မသွောံကြီးအရာ သူကောင်းပြုတော်မူသည်
ကို ခံရသည်။
၃- ၎င်းနောက် ဆပ်သွား သွောံကြီးအရာ သူကောင်းပြုတော်
မူသည်ကို ခံရသည်။
၎- ၎င်းနောက် အတွင်းခုံ သုံးကျိပ်နှစ်ယောက်တို့နှင့် နံ့သာနန်းတော်တွင် ထွက်ဝင် ခစား နေထိုင်ရသည်။
၅- ၎င်းနောက် တရားရုံးတော်ကို တရော် ကင်ပွန်း ရေမိုးဆေးကြောပြီးလျှင် ဝတ်လုံဖဲ၊ ပေါင်း၊ နားဍောင်း၊ ကြက်ရင် နှစ်ဆင့်တပ်၊ တမာရွက်၊ ရွှေစလွယ် ၆ သွယ် ခြောက်ပွင့်များကို သနားချီးမြှင့်တော်မူပြီးလျှင် နေမျိုးသီရိရာဇာဘွဲ့ အမည်နှင့် တရားစာရေး၊ တရားသူကောင်း ပြုတော်မူသည်ကို ခံရသည်။
၆- ၎င်းနောက် နေမျိုးမင်းလှသီရိသင်္ခယာ ဘွဲ့ အမည်နှင့် ရွှေထီး၊
ရွှေထား၊ ရွှေဖလားများကို သနားတော်မူ၍၊ မြို့စားရွှေခွန်မှူး၊ ငွေခွန်မှူးဖြစ်သော ရွှေထီးဆောင်းအရာရှိ၊ သုံးကျိပ်နှစ်ယောက် အပေါင်းတွင် အုပ်ချုပ်စီရင်စေရန် မြေလတ်စစ်ကဲတော်အရာ သူကောင်းပြုတော်မူသည်ကို ခံရသည်။
သို့ အဆင့်ဆင့် အရပ်ရပ်၊ သူကောင်းပြုတော်မူသည်များကို အသက်နှစ်ဆယ့်ရှစ်နှစ် အယွယ်ကသည် ၅၃ နှစ်တိုင်၊ မင်းရေး မင်းခွင့်၊ ချီးမြှင့် ရွှင်လန်း၊ အမှုတော်ကို ထမ်းသဖြင့်၊ ရောပြွမ်းဆက်ဆံပြီး၍၊ ဇာတိမူလ၊ ဌာနအရင်းဖြစ်သော တောင်တွင်းကြီးမြို့သို့ ပြန်ရောက်နေထိုင်သောကာလ...
က- တောင်တွင်းကြီးမြို့သမိုင်းသည် အလှိုင်းကျယ်ပွားလျက်။ စကားအလို၊ ပိုရာပို- လျော့ရာလျော့၊ ကုန်းကော့ချိုင့်ဝှမ်း၊ တစ်ခန်းနှင့် တစ်ခန်း၊ နိဒါန်းနိဂုံး၊ ဆုံးစမညီ၊ ရှိလေသည် တရပ်...
ခ- သိမှတ် နားလည်သူတို့သည်လည်း တဆင့်က တဆင့်၊ ကူးယူခြင်းဖြင့် ကြာမြင့်ရှည်ညောင်း နွမ်းဟောင်း။ ချွတ်ယွင်း၍ အငြင်းပွားများ၊ ယောင်မှားဆို ပြောရှိသည်ကို၊ဝိုးဝါး ဝိဝါဒ၊ ကင်းလွတ်ကြရအောင်-
၁ - ရတနာသိင်္ခ၊ ပဌမမြို့တည် ဖြစ်တော်မူသော အလောင်းမင်းတရားကြီးဘုရား ရွှေလက်ထက်တော် ရမည်းသင်းဝန်နေမျိုးနော်ရထာ၊ တောင်တွင်းကြီး မြို့ဝန်-ဒေဝကျော် သူတို့ လျှောက်ထားချက်နှင့် တောင်တွင်းကြီးမြို့ ကန်တွင်းရွာလျှင် ဘွားရာဇာတိရှိသော ထူပါရုံ ဆရာတော်ဘုရားကြီးသည် ရတနာသိင်္ခမြို့၊ ရွှေစေတီကျောင်းရာမ်တွင် သီတင်းသုံးနေတော်မူစဉ် သက္ကရာဇ် ၁၁၁၉-ခုနှစ်၊
ရေးသွင်းဖြေဆိုတော်မူသော တောင်တွင်းကြီးမြို့ အတ္ထုပ္ပတ္တိစာတမ်း။
၂- ထိုမင်း၏ သားတော်အကြီး ဖြစ်တော်မူသော၊ဇေယျာပုရ၊ ဒုတိယမြို့တည်၊ ကန်တွင်းစည်းခုံဒါယကာ၊ မဟာဓမ္မရာဇ်၊ တရားမင်းမြတ်၊ လျှောက်မေးချက်နှင့် ငှက်ပစ်တောင် ဆရာတော်ဘုရားသည် ၁၁၂၆-ခုနှစ်၊ရေးသွင်းတော်မူသော တောင်တွင်းကြီးမြို့ အတ္ထုပ္ပတ္တိ
စာတမ်း။
၃- အမရပူရ၊ ပထမမြို့တည် ဖြစ်တော်မူသော ဘဝရှင်မင်း တရားကြီးဘုရား ရွှေလက်ထက်၊ တောင်တွင်းကြီးမြို့ဝန်၊ မြို့သူကြီး ဦးရွှေရန် တောင်းပန်လျှောက်ထား၍ ၁၁၇၆-ခုနှစ်၊ အုဌ်ကျောင်းဆရာတော်ဘုရား ရေးသားပေးသွင်းသော တောင်တွင်းကြီးမြို့သမိုင်း။
၎- ရတနာပူရ၊ စတုတ္ထမြို့တည် ဖြစ်တော်မူသော မင်းတရားကြီးဘုရား ရွှေလက်ထက်၊ နှစ်မတော် သီရိအတုလ မဟာစန္ဒာဒေဝီ အမည်ရှိသော တောင်တွင်းကြီး မြို့စားမင်းသမီး တောင်းပန်၍ ပညာရှိ ဝက်မစွပ်မြို့စား မင်း နဝဒေး ရေးသွင်းသော တောင်တွင်းကြီးမြို့ အတ္ထုပ္ပတ္တိ လူးတားစာ။
၅- ၎င်းမင်းသမီး၏ ညီမတော် အရင်းဖြစ်သော ရမည်းသင်းမြို့စား မင်းသမီး တောင်းပန်၍ တောင်တွင်းကြီး မြို့စာရေး ဦးရွှေလူ ရေးသွင်းသော ရွှေရောင်တော်မြတ်စွာဘုရားသမိုင်း။
၆- မြို့စာရေး ဦးမြတ်အေး ရေးသွင်းသော ဇေယျမင်္ဂလာ မြတ်စွာဘုရား၏ စံနစ်ပုံစံ ဧကပိုဒ် လင်္ကာ။
၇- ကန်ရှည်ရွာသူကြီး ဦးကျော်ပေး စီကုံးရေးသားသော တောင်တွင်းကြီး မြို့နယ်ဝှမ်း နိမိတ်သတ် ဧကပိုဒ်လင်္ကာ၊
ယင်းစာစောင် လင်္ကာများကို ရှာမှီး ပေါင်းစုကြည့်ရှုမှတ်သား၊ အမြဲထားလျက်၊ နောက်သား နောင်လာ၊ မျိုးလေးဖြာတို့၊ အသာလွယ်ကူ၊ မှတ်ယူစေရန် အကြောင်းဖြင့် တောင်တွင်းကြီးသမိုင်းကို နှိုင်းနှိုင်းဆဆ၊ အစ အလယ်.အဆုံး၊ သုံးပါးလုံးပင်၊ စီကုံးရေးသားပေအံ့သတည်း။
ဤကား - ပဋိညာဉ်နိဒါန်း
စကားတည်း။
0 comments:
Post a Comment