Pages

Subscribe:

Search This Blog

Thursday, June 28, 2018

ပန်းတွင်းရွာ

        ယင်းကမှ- ရတနာ ဆင်ဖြူတော်ကို ခရီးရှေ့ညွန်ထား၍၊ ချီသွားတော်မူပြန်ရာ၊ ပန်းသင်းတောအရပ်သို့ရောက်လျှင် -ဆင်တော် မသွား၊ တန့်နား ရပ်နေသည်နှင့်၊ဆင်တော်ရပ်နေသော အရပ်သည် သာမညအားဖြင့်၊ ရပ်နေသည်မဟုတ်၊ တစ်စုံတစ်ရာ အကြောင်း၊ နတ်ကောင်း နတ်မြတ်တို့၊ စေ့စပ် ဆော်နှိုး၊ အကျိုးတော်ဆောင်၊အောင်မြေကွက်ရပ်၊ နှင်းအပ်ကြသောအရာဟု၊ ကြည်ရွှင်စွာသော ရွှေနှလုံးတော်မြတ်၊ ပြဋ္ဌာန်းတော်မူပြီးလျှင်...


         ပညာရှိ မှူးတော် မတ်တော်တို့ကို ကြည့်ရှုစေရာ တောတောင်ရေ၊ အခြေအမြစ်၊ ဝါးသစ် ကြိမ်နွယ်။ လယ်ပယ် ယာပယ်၊ တံဇယ် မုရင်း၊ လုပ်ခင်းဆောင်တာ၊ ရေလာ ရေစီးတို့ဖြင့် ကောင်းမြတ်ကြောင်း။

          ထိုမှတပါးလည်း၊ စတုရန်းတာ ၇၀၀ ကျော်အတွင်း၊ ပန်းသင်းပင်လို့သာ ပြွမ်းကြောင်း။ ကြိမ်နွယ် စသော သစ်ပင်တိုသည်၊ လက်ျာရစ် နှင်နှင်သာ ပေါက်ရောက် တွေ့မြင်ကြောင်းများနှင့် တင်လျှောက်လျှင်....

         အားရနှစ်သက်တော်မူသောကြောင့် မြို့ရွာထီးနန်း၊ တည်လောက်ရန် အခမ်းအနားများကို ပန်းသုံးမှတ်တိုင် စိုက်ပြစေလျှင်-စိုက်ပြသောပန်းသုံး မှတ်တိုင်အတွင်းမှ ကြီးမားရှည်လျားသော မြွေတစ်ခုသည် တောင်အရပ်သို့ ထွက်သွားသည်ကို တွေ့မြင်၍ ထိုမြွေ၏ သွားခြင်းသည် အချည်းနှီးသော သွားခြင်းမဟုတ်။ မြို့နန်း တည်မည်ဟု.ရွယ်ရည် စိုက်မှတ်သော ဤ ပန်းသုံး ပန္နက်ရာ အရပ်
သည် ထူးမြတ်သော အောင်မြေဇာတိ၊ ဘူမိသေဋ္ဌ မှန်၏။

        ယင်းသို့မှန်သော်လည်း၊ မင်း၏ပညာ၊ ဘုန်းအာဏာနှင့်၊ ပါရမီရှေးရိုး၊ ကောင်းကျိုးချမ်းသာ၊ မင်္ဂလာသုတ၊ ဗဟုဗလ၊ တုမမျှအောင်၊ တီးဆလွန်ကဲ၊ အမြဲမှန်လှ၊ ထာဝရကိန်းခန်း၊ ဓါတ်ဆန်း ဓါတ်မြတ်တို့နှင့် ညီညွတ်သော အောင်မြေ၊ ရှိလေသည်၏ အဖြစ်ကို ထပ်မံ ညွှန်ပြသော၊ နိမိတ် ဩဘာ၊ ဖြစ်တန်ရာသည်။

          ပညာရှိ မှူးမတ်တို့ကို လိုက်ကြည့်စေရာ...တာ ၁၀၀၀-တစ်ထောင်ခန့်သို့ ရောက်လျှင် ကြာအင်းတစ်ခုကို လက်ျာရစ် သုံးပတ်လှည့်ပြီးမှ ထိုကြာအင်းအတွင်းဆင်းသွား၍ အတောင်သုံးဆယ်ခန့်မျှ မြင့်သော ကိုယ်ကို ဘော်ပြလျက်၊ တောင်မြောက် လေးမျက်နှာ ကြည့်ပြီးလျှင် အစာကို အန်၍ ထိုမြွေ ပျောက်သွားလေ၏။

         ယင်းသို့သော အကြောင်းများကို တင်လျှောက်သည်ကာလ ပန်းသင်းတော အရပ်မှ ချီတက်တော်မူ၍ ၎င်း ကြာအင်းအရပ်၌၊ တိုင်းပြည် ထီးနန်း၊ ပြုစု တည်ထောင်၍ သင့်-မသင့်၊ လျော်-မလျော်များကို သမာဒေဝ စသော နတ်တို့အား တင်ကြား ပသ အိပ်မက် ယူကြရာ...

         မင်းကြီးသာဂရ မြင်မက်တော်မူသည်ကား- ငရန့်တစ်ခု၊ ဗုဇွန်လုံးတစ်ခုတို့သည် မဟာသမုဒ္ဒရာမှ တက်လှာ၍ ဤအရပ်ဒေသသို့ ရောက်လျှင် နောက်သို့ ပြန်သော-ဟူ၏။ -သို့ မြင်မက်တော်မူသတည်း။

        ထိုနေ့ညသည်လည်း လဆန်း ၇-ရက် ဖြစ်လျက်၊ လသည် ပန္နရသီ ဖြစ်သော ဆယ့်ငါးရက်နေ့ကဲ့သို့ ပြည့်ပြည့်ဝန်းဝန်းရှုမြင်ကြရသည်။ယင်းသို့သောအကြောင်းများကို မှူးမတ်ပညာရှိတို့အား မေးတော်မူရာ- အမတ်ကျော် လျှောက်သည်ကား...

       အရှင်မင်းမြတ်-လဆန်း ၇-ရက်နေ့၊ လပြည့်ဝန်းသည်ကား- ပြည်တော်ကို ပုဏ္ဏဝတီ သမုတ်တော်မူသင့်သော အကြောင်း ဖြစ်ပါသည်။

       မြွေအစာကို အန်သည်မှာ- ဝမ်းပြည့်၍ အန်ထုတ်သော အခြင်းအရာ ဖြစ်သောကြောင့်၊ ပြည်တော်၌ အရပ်လေးမျက်နှာမှ လာရောက်နေထိုင်သော သူတို့သည်၊ရေစာ စပါး၊ လွန်ပေါများ၍၊ သုံးစားမကုန်၊ လုံလုံလောက်လောက်၊ ကြွယ်ပင်ပေါက်သကဲ့သို့ ဖြစ်အံ့သောအကြောင်းရှိပါသည်။ ယင်းသို့သော အကြောင်းဖြင့်ဇေယျဝဍ္ဎဏတိုင်းဟု သမုတ်တော်မူရပါမည်။

          ငါး ဗုဇွန်လုံးတို့ တက်လာ၍ ပြန်သောအလိုမှာ ဗုဇွန်လုံးကို ဂဏန်းကောင် ခေါ်ပါသည်၊ ပြန်သောအလိုနှင့် ထောက်သော် ၅-ဂဏန်းကို ပြန်၍ရေးလျှင် ၉ ဂဏန်း ဖြစ်ပါသည်။ ၎င်း ၉-ခုသော ဂဏန်းအရ၊ မဟာသမုဒ္ဒရာနှင့် တူစွာ၊ အလွန်တရာ ဧးမြကျယ်ဝန်းသော မဇ္ဈိမဒေသမှ ရောက်သော အရှင်မင်းမြတ်၏၊ သား မြေး မြစ်၊ အမြတ် အစွန်တော်ဖြစ်သော မင်း ၉ ဆက်တို့သည် ဘုန်းတော် အာဏာ ကြီးမြင့်ရာသော အကြောင်း ဖြစ်ပါသည်။

          ထို ငရန့် ဗုဇွန်တို့တွင်- ဝ အက္ခရာ ဗ အက္ခရာပါသည်ဖြစ်သောကြောင့်၊ ဂစ်ဗ္ဘေ ဟူသော ပထဝီ ဓါတ်ဖိုဓါတ်မ၏အရ၊ တနင်းလာနံ၊ ကြာသပတေးနံ ဖြစ်သော မင်းလက်ထက်၊ ဆဒ္ဒန်အိုင်မှ ဆင်ဖြူရတနာ ရောက်အံ့သောအကြောင်း ဖြစ်ပါသည်-ဟု လျှောက်ထားလျှင်...

         အမတ်ကျော် လျှောက်သောစကားကို အားရနှစ်သက်တော်မူသည်ဖြစ်၍ အထက် ပန်းသုံးစိုက်မှတ်သော အရပ်တွင် ကျေးရွာ တည်ထောင် ပြုစုစေပြီးလျှင် ပန်းတွင်းရွာသမုတ်၍၊ ရေမြေနှင့်တကွ၊ အစား အသနားတော်မြတ် ခံစေသည်။

0 comments:

Post a Comment