Pages

Subscribe:

Search This Blog

Tuesday, June 19, 2018

ရခိုင်ဘုရားကြီး သမိုင်း

ရခိုင်ဘုရားကြီး(ခေါ်) အောင်မြင်ဇေယျ စေတီတော်မြတ်ကြီး၏ သမိုင်း



သုံးလောက ထွတ်ထား ဂေါတမ ဘုရားရှင်၏ သာသနာနှစ် (၁၃၇၃)ခုနှစ် ကောဇာသက္ကရာဇ် (၁၉၁)ခုနှစ်၊ အေဒီ(၉) ရာစုခန့်က မဇ္ဈိမဒေသ၊ ကာလိင်္ကရာဇိ ပြည့်ရှင်မင်းကြီး၏ သားတော်များ ဖြစ်ကြသော မင်းပြောင်၊ မင်းရောင်၊ မင်းနောင်၊ မင်းနဂါး ညီနောင်လေးပါးအနက် မင်းကြီး မင်းပြောင်သည် ဒုတိယတောင်တွင်း ကြီးမြို့ကို နန်းတည်ထောင်ခဲ့ပြီး ဓည၀တီ မင်း၏သမီးတော် မဟာနုမာလာရတနာ ဒေ၀ီ မင်းသမီးကို မိဖုရားမြှောက်ခဲ့သည်။



သက္ကရာဇ်(၁၉၂) အေဒီ(၉) ရာစုတွင် ရခိုင်ဘုရင် ဓည၀တီမင်းကြီး၏ သမီးတော် ဖြစ်သော မိဖုရားကြီး နုမာလာက ဗုဒ္ဓပွင့်တော်မူရာ မဇ္ဈိမဒေသနှင့် ခမည်းတော် မယ်တော်တို့ကို ဦးညွတ်ပူဇော်လိုသော ကြောင့် မြို့၏ အနောက်မျက်နှာ၌ ဘုရားတည်လိုကြောင်း လျှောက်ထားရာ မင်းကြီး မင်းပြောင်က ငွေစင်(၁၀၀၀)ပေး သနားတော်မူသဖြင့် အောင်မြင်ဇေယျ စေတီတော်ကြီးကို တည်ထားခဲ့ရာ ကာလိင်္ကရာဇိ ပြည်မှ ပင့်ဆောင်ခဲ့သော ဗုဒ္ဓဘုရားရှင်၏ သရီယဓာတ်တော်များနှင့် မင်းမိဖုရားတို့ ၏ ရွှေကိုယ် အလေးချိန်နှင့် တူညီသော ရွှေအလေးချိန်ဖြင့် သတ္တဌာနစံနေတော် မူဟန် ရုပ်ပွားတော်များ သွန်းလုပ်ကာ ဌာပနာခဲ့သည်။

ထိုစဉ်က စေတီတော် ဉာဏ်တော်မှာ အ၀န်းသံတောင်(၅၀၀)၊ အမြင့် သံ တောင်(၁၂၀)ဖြစ်ပြီး ထီးတော် အ၀န်းမှာ သံတောင်(၉) တောင်(၁)ထွာနှင့် အမြင့်သံတောင် (၂၄)တောင်ရှိပြီး မိဖုရားကြီး နုမာလာအား ခမည်းတော်၊ မယ်တော်တို့ ပေးလိုက်သော ရွှေချိန်(၅)ပိဿာကို ရွှေပြားခတ်၍ သံပြားတွင် ကပ်ပြီး ထီးတော်ကိုတင် လှူပူဇော်ခဲ့သည်။ ဘုရားတည်ရာတွင် ဓည၀တီ ရခိုင်ပြည်မှ ပါလာသော မင်းအမှု တော်ထမ်း(၁၀၀၀) တို့ပါဝင်ဆောင်ရွက် တော်မူခဲ့ပြီး စေတီတော်ကြီးပြီး မြောက်ရေး အတွက် အလတ္ထဒူပ၀ိဓူရ အမတ် ကြီးအား တာဝန်ပေး ခန့်အပ်၍ အမိန့်တော်ထုတ်ပြန် ခဲ့သည်။

ကောဇာသက္ကရာဇ် (၆၄၀) ရောက်သည့်အခါ တောင်တွင်းမင်း သိရိသင်္ခယာ မင်းကြီး သီဟပတေ့မင်းနှင့် မိဖုရားကြီး စောပုလဲတို့က ထပ်၍ မွမ်းမံပြင်ဆင်ပြီး ဒုတိယအကြိမ် ရွှေထီးတော် တင်လှူခဲ့လေသည်။

ကောဇာသက္ကရာဇ် (၁၂၆၀)ခုနှစ်တွင် မတောင့်တ ဆရာတော်ကြီး ဦးလာဘက ဦးဆောင်၍ ပြုပြင်ခဲ့ရာ နှစ်ပေါင်း(၃၀)ခန့် ကြာမြင့်ကာ သက်္ကရာဇ်(၁၂၉၀)ခန့် အထိမွမ်းမံ ပြင်ဆင်နေဆဲတွင် ဆရာတော် ကြီးဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည်။

မြန်မာနိုင်ငံ ဗြိတိသျှကိုလိုနီ အစိုးရ ခေတ် သက်္ကရာဇ်(၁၂၉၃)ခုနှစ် အေဒီ (၁၀၁၇)၌ တောင် တွင်းရာဇ၀တ် ၀န်ကလေး ဦးအောင်ကျော်မိုးနှင့် တကွ အစိုးရ အထက်တန်း ကျောင်းဆရာ ဦးဘဆင့်၊ ၀ံသာနု လူကြီးများ ဖြစ်ကြသော ဦးကျော်ထွန်း၊ ရတနာပုံ ဦးဒွေး၊ သမာဓိဝန် ဦးကိုကိုကြီး အစရှိသော ဒါယကာများနှင့် အများ ပြည်သူ တို့ကမပြီး မြောက်ဆဲရှိနေသော စေတီတော်ကြီးအား ဆက်လက်၍ အောင်မြင်ပြီး မြောက်အောင် တည်ထားခဲ့သည်။ စိန်ဖူးတော်မှာ ဉာဏ်တော် (၇) လက်မ အချင်း(၃) လက်မ ရှိသည်။ ထီးတော်ကြီးကို တောင်တွင်း မောင်းတိုင်ရပ် ပန်းပဲနှင့်ပန်းတဉ်း အတတ် ပညာရှင်ဆရာကြီး ဦးစော်ဘွားနှင့်  သားများက ပြုလုပ်ခဲ့သည်။ ထီးတော်အ၀ သံတောင် (၁၀)တောင်နှစ်မိုက်ကို ပြန်လည် ပြင်ဆင် အသစ်တင်လှူခဲ့ပြီး သံ ဆည်းလည်း အလုံးရေ (၆၀၀)ကိုပါ စီစဉ် သွန်းလုပ်ပူဇော်ခဲ့သည်။သက္ကရာဇ် (၁၂၉၃) ခုနှစ်၌ ထီးတော်တင် လှူခဲ့ပြီး (၁၀)ရက် တိုင်တိုင် ဇာတ်သဘင်၊ ရုပ်သေးပွဲများဖြင့် ကျင်းပခဲ့သည်။

မြန်မာသက္ကရာဇ် (၁၃၀၀)ပြည့်နှစ် ကဆုန်လ ခရစ်နှစ် (၁၉၃၈) ခုနှစ်တွင် သဘာဝ ဘေးဒဏ်များကြောင့် ဘုရားကြီး ပျက်စီး ပြိုကျခဲ့သည်။ (၁၈-၈-၂၀၀၀) ပြည့်နှစ်တွင် ပြည်တွင်းပြည်ပ သာသနာပြု အလိုတော်ပြည့် ဆရာတော် ဦးစီး၍ တိုင်း/ ခရိုင်မြို့နယ် သံဃနာယက ဆရာတော် ကြီးများ သြ၀ါဒခံယူ၍ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးမကွေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌနှင့် အလှူရှင်များက ဗုဒ္ဓဓမ္မ အစဉ်အလာများနှင့် အညီ ရတနာအုတ်မြစ်တော်စီ ကျင်းပကာ အောင်မြင်ဇေယျစေတီတော် မြတ်ကြီး ကို ပြုပြင်ခဲ့ရာ ပဉ္စမပစ္စယံ အထိသာ ပြီးခဲ့သည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ ကူညီဆောင်ရွက်မှု များဖြင့် (၃-၄-၂၀၁၃)နံနက် မင်္ဂလာအချိန်တွင် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ ဦးစီး၍ အပြီးသတ် တည်ထားခဲ့ရာ သက္ကရာဇ် (၁၃၇၅)ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော်(၇)ရက် ၂၀၁၃ခုနှစ် နိုဝင်ဘာ၂၄ရက်၊ တနင်္ဂနွေနေ့ နံနက်(၇း၂၀)နာရီ အချိန် ရန်ကုန်တိုင်း ဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တ ဣဒိ္ဓဗလဦးစီးကာ သံဃာတော် အရှင်မြတ် များပင့်ဆောင်ကာ လှူဖွယ်ဝတ်္ထုများဖြင့် လှူဒါန်းပူဇော်၍ ရွှေထီးတော်တင်လှူနိုင် ခဲ့ခြင်းဖြစ်သည်။

Credit - မြန်မာသံတော်ဆင့်သတင်းစာ
Photo - တောင်တွင်းကြီး သမိုင်း စာအုပ်မှ

#Kyawzawaungtdi

0 comments:

Post a Comment