Thursday, June 28, 2018
ပန်ထွာမင်းသမီး
ငါတို့ ဂေါတမ မြတ်စွာဘုရား၊ ပရိနိဗ္ဗာန် စံလွန်တော်မူသည်နောက်၊ သာသနာတော် သက္ကရာဇ် ၅၉-ခုတွင်၊ သံသယမည်သော သင်းတွဲပြည်ကြီးမှ၊ မဟာသမ္ဘ၀၊ စူဠာသမ္ဘဝ၊ ဇစ္စန္ဓဘွား၊ မင်းနှစ်ပါးတို့ကို ဘောင်နှင့် မျှောလိုက်ရာ-စစ်ကိုင်း အရပ်က ရွှေနံကိုင် အမည်ရှိသော ဘီလူးမသည် ညီနောင်နှစ်ပါးတို့၏ စမြိန်စာ ပွဲတော်ကို ခိုးယူ စားသောက်၊ ဖမ်းကိုင်မိသည် ကာလ၊ သာယာသောစိတ် ရှိသည်ဖြစ်၍၊ ပဋိသန္ဓတေည်ခြင်း အကြောင်း ရှစ်ပါးတွင်-ဆံထုံးကို ကိုင်ခြင်း၊ လက်ကို ကိုင်ခြင်းဖြစ်သော အင်္ဂပဉ္စင်္ဂ ပဋိသန္ဓေသည် ထိုဘီလူးမဝမ်း၌ ကပ်ငြိလေသည်။
ဤကဲ့သို့လျှင် ကပ်ငြိသော ပဋိသန္ဓေကို ဆောင်လျက် မင်းနှစ်ပါးတို့ စက္ခုနြေ္ဒကို ပုံသေအောင် ကုမပြီးနောက်၊ အစဉ်အတိုင်း ထွက်လာခဲ့ရာ ယခု တောင်တွင်းကြီးမြို့ အနောက်၊ ၅ တိုင်ခန့်ကွာ တောအရပ်သို့ရောက်လျှင် ရင့်သော ပဋိသန္ဓေကို ကမ္မဇလေ လှုပ်ရှား၍ သမီးငယ်တစ်ယောက် ဘွားလေ၏။
ထိုတောအရပ်တွင်လည်း တစ်ဦးသော ရသေ့သည် ပျော်မွေ့ရာ ကမ္မဋ္ဌာန်းဖြင့် စီးဖြန်း သီတင်းသုံး၍ ရှိလေ၏။ ထိုရသေ့လည်း နေ့ဆွမ်း အလို့ငှါ ချိုချဉ်သစ်သီး၊ ရှာမှီးသွားလာစဉ်၊ ဘီလူးမ သားဘွားခိုက်နှင့် ကြိမ်ကြိုက် တွေ့မြင်၍၊ အခြားသူတို့ သမီးသားကို စား
အံ့သောငှါ၊ ခိုးယူလာခဲ့သော အမှတ် ထင်သဖြင့် မန္တာန်မန္တ ရားနှင့် ချောက်လွှင့်လိုက်ရာ သမီးငယ်ကို ပစ်ခွါထွက်ပြေးလေ၏။
ဘီလူးမ ထွက်ပြေးလျှင် ကျန်ရှိရစ်သော သမီးငယ်ကို ကောက်ယူပြီးမှ ဤသို့ အကြံဖြစ်သတည်း။ ဧရာဝတီမြစ်၏အနီး ကြက်တင်းတောင်အရပ်တွင် နေထိုင်သော ငါ၏အဆွေ ရသေ့တစ်ဦးမှာ- သမင်မ မွေးဘွား၍ ပစ်သွားသဖြင့် ကောက်ယူရသော မိန်းမငယ်တစ်ယောက်ကို အဓိဋ္ဌာန်ပြုသော လက်ညှိုးနို့ရည်ဖြင့် တိုက်ကျွေးပြုစု
၍ ဗေဒါရီဟူသော အမည်ဖြင့် ကြီးမြင့်ကြောင်းကို ကြားသိရသည်။
ငါတုံတမူလည်း ဤရသေ့ကဲ့သို့ ပြုရလျှင် ထိုသတ္တဝါ၊ သေဘေးမှ ရှင်းကွာ၍၊ ချမ်းသာခွင့်ရောက်တော့မည်တကား၊ သဘောထား၍၊ အဓိဋ္ဌာန်ပြုလျှင်-လက်ညှိုးမှ ယိုထွက်သော နို့ရည်ဖြင့် တိုက်ကျွေး၍ ကြီးမြင့်သည် ကာလ၊ ရသေ့နှင့် မာတုကာမ၊ အတူတကွ၊ နေ့ညနေထိုင်ခြင်းငှါ ၊ မရာမလျောက်ပတ်။ မအပ် မလျော်၊ မသူတော်တို့ အာစာရ ဖြစ်သည်၊ သဘောထားပြီးလျှင်-မီးမဖုတ်သေးသောအိုးငယ်ကို အပ်၍ရေခပ်ရေယူခိုင်းလေ၏။
ထိုရသေ့အပ်သော အိုးငယ်သည် ရေထည့်လျှင်ပင် ကွဲပျက်ခြင်းသို့ ရောက်သဖြင့် ဤသို့ ကွဲပျက်ဖန်များသည်နှင့် သည်တော့ သည်တောင် အရပ်တွင် စောင့်နေသော နတ်တို့ နှောင့်ယှက်ဖျက်ဆီး၍သာ ငါ့အိုးကွဲပျက်ရသည်-ဟု၊ ဆိုငိုမြည်တမ်းလျှင် ထိုမိန်းမငယ်၏ ပါရမီဘုန်းကို နှလုံးသွင်းထိုက်သော အရာဖြစ်သည် တကြောင်း၊နောက်နှောင်းသော ဘဝက မောင်နှမရင်း ဖြစ်ခဲ့ဘူးသည်
တစ်ကြောင်းများကြောင့်၊ ထိုတောအရပ်တွင် အမြဲနေလေ့ရှိသော ဗိဿနိုးနတ်မင်းကြီး ကြားသိလေလျှင် ထိုမိန်းမငယ်၏၊ ကုသိုလ် ပုည၊ သီလ ပါရမီ၊ ကူညီထိုက်သော အခွင့်ရှိက၊ ချီးပင့်ပြသ၊ ကူမထောက်ပံ့ရမည်၊ ရည်ရွယ်သောအကြံနှင့်၊ သိကြားမင်းထံ သွားရောက် လျှောက်ထားလျှင် သိကြားမင်းလည်း ဤသို့ အမိန့်ရှိလေသတည်း။
ကဿပမြတ်စွာဘုရား သာသနာတော်တွင်း၌ ထိုမိန်းမငယ်သည် တစ်ဦးသော အမျိုးသမီးဖြစ်၍ လကျော်တော်ရံ အရှင်မြတ် အိုက်စပ် ပူလောင်သော နွေအခါ ပေရွက် ယပ်တောင် လှူဒါန်းခဲ့ဘူးသော အကျိုးဆက်သည် ထိုမိန်းမငယ် ဖြစ်လေတိုင်းသော အရပ်၌ မစိုက် မပျိုးဘဲ၊ သက်သက်သော ပေပင်တို့ဖြင့် ပေါက်ရောက် ခြံရံလျက်၊ ကနက် ထီးနန်းနှင့်၊ မင်းခမ်း ကျင်းပ၍၊ ဘဝ ထိုထို၊ အလိုအတိုင်း၊ ပြည့်စုံ အံ့သည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment