ယင်းကမှ-မြစ်ကြေ အောက်ရပ်သို့၊ ဗိုလ် တပ်လုံးရင်း၊ လှေသင်း အများနှင့်၊ စုံသွားတော်မူပြန်၍၊ သက်ပန်း-ပြူရွာသို့ ဆိုက်ရောက်တော်မူလျှင် ရွာနေရွာသားတို့က တရားနှင့်အညီ၊ တိုင်းပြည်ထီးနန်းကို သိမ်းမြန်း အုပ်ချုပ်နိုင်သော အင်္ဂါလက္ခဏာ၊ ဘုန်းတန်ခိုးတို့ဖြင့် တိုးပွား ကြီးကျယ်အံ့သည်ကို မြင်၍
အရှင်မင်းမြတ်- ဤရပ်-ဤရွာကို၊ ညှာတာသနားသဖြင့်၊ တရားနှင့်ညီလျော်၊ ကျွန်တော်မျိုးများ၊ ဆင်းရဲသားတို့ကို အုပ်ချုပ်၍၊ မင်းလုပ် စံနေတော်မူပါမည့်အကြောင်းကို-လက်ဆောင် ပဏ္ဏာ၊ များစွာ ဆက်သလျှောက်ထားလျှင်...
ယင်းသည်ဌာန၊ ပဋိရူပ၊ ဒေသအချက်၊ စက်လေးပါးနှင့်မညီ၊ ရွှေနှလုံးတော် မအီသောကြောင့်၊ရွှေပြည်နန်း၊ ကြငှန်းစိုက်ဆောက်ရာ မဟုတ်သေး။ ရှေးရှေးသေး ဘိုးလောင်းတော်၊ ဘေးလောင်းတော်၊ သိဉ္စဉ်း၊ ဝေဿန္တရာ၊ ဇာလီ၊ သီဟဝါ၊ မဟာသီတဿရ စသော မင်းမြတ်တို့သည်၊ ဆင်းရဲသားတို့၊ လုပ်စား လယ်ယာ၊ ရေလာ ရေဆင်း၊ ဆင်မြင်း ကျွဲနွား၊ ကျောင်းစားရန်အကွက်၊ ဝါး
မြက် ကြိမ်နွယ်၊ သက်ငယ်ပေါက်ရောက်သောအရပ် မွန်မြတ်သော မြေအချက်တွင်မှ၊ ထီး ကနက် စိုက်ဆောက်၍၊ မင်းမြောက် ဘိသိက်ခံတော်မူကြသည်။
တစ်ကြောင်းလည်း...ကပိလဝတ် မဟာရာဇဌာနီ၊ မင်းနေပြည်ကြီးကို ပဌမ လက်မွန် တည်ထောင်ရင်းဖြစ်သော ဥက္ကာမုခ မင်းလေးပါးတို့သည် ချိုင့်ဝှမ်းညီညာလျက်၊ လက်ျာရစ် ကြိမ်နွယ်၊ ခက်သွယ် ခက်မ၊ မြမြဆိုင်းဆိုင်း၊ ပြိုင်းရိုင်းပေါက်ရောက်သော ဒေသတွင်၊ ကပိလ ရသေ့ ညွန်ကြား၍၊ မောင်ဘွား နှမ၊ တည်ထောင်ကြသော ထုံး-တံထွာ...
ဗာရာဏသီ၊ ပြည်ပုရီကိုလည်း၊ ဂုဏ်ဆီပြည့်လျှမ်းသော မျောက်မင်း၏ ဥက္ခောင်းကို နှံမြှုပ်လျက်၊ မြေသြဇာ အလွန်တက်သော စည်မျက်နှာဒေသတွင်၊ ဝါရာဏသီသ၊ သမုတ် ပြဋ္ဌာန်းလျက်၊ ထီးနန်းတည်ဆောက်သော ပဝေဏီ ထုံးစံများနှင့်၊ ထောက်ချင့်လျှင်
ယခု သက် လူမျိုးတို့ နေရာ၊ အညာ အကြေ၊ ရေနေ ရေသွား ကောင်းသော်လည်း၊ အလောင်းတော် သူမြတ်တို့ မနေအပ်သော ဌာန၊ သောက်စား ယစ်ဝ၊ ဝိလုပ္ပန္န၊ ကုလဟိန္ဒ၊ ဝှမ်းကော မမျှ ဖြစ်သည်။
ယင်းသို့ဖြစ်၍- ထီး ကနက် မထူလို။ ထိုဒေသကို ပဌာန-နဂိုရ် တောင်းပန်ရင်း အလိုကြောင့်၊ ထိုသူတို့နေသော အရပ်ကို ပဌနဂိုရ်မြို့ သမုတ်တော်မူပြီးလျှင်အမတ် ငကြမ်းတောကို အအုပ်အထိန်းခန့်ထားတော် မူခဲ့သည်။
*ငကြမ်းတော* ကို ဦးဥာဏမူ၌ - ငကျော် - ဟုရှိသည်။
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment