“ရှင်ဥက္ကဋ္ဌသည် သူ၏ အမြင်သစ် အတွေးသစ်များပါသည့်
စာအုပ်စာတန်းမျိုးစုံကို ရေးသား၏။ ထိုအခါ တိုင်းပြည်တွင်
ဂယက်ထသွားလေ၏။ အဟောင်းသမားများ၏ ဝိုင်းပယ်ခြင်းကို
ခံရလေ၏။ တော်လှန်သော အတွေးရှင်တို့သည် ခေတ်တစ်ခေတ်
၏ ဝိုင်းပယ်ခံရသော်လည်း၊ နောင်တစ်ခေတ်၏ အပူဇော် ခံရ
တတ်လေသည်။ ခေတ်တစ်ခေတ်၏ ‘ချဉ်ဖတ်’ဖြစ်ရသော်လည်း၊
နောက်တစ်ခေတ်၏ ‘နတ်ဒေဝတာ’ဖြစ်ရတတ်လေသည်”
-ဆရာ ပါရဂူ
ဂယက်ထသွားလေ၏။ အဟောင်းသမားများ၏ ဝိုင်းပယ်ခြင်းကို
ခံရလေ၏။ တော်လှန်သော အတွေးရှင်တို့သည် ခေတ်တစ်ခေတ်
၏ ဝိုင်းပယ်ခံရသော်လည်း၊ နောင်တစ်ခေတ်၏ အပူဇော် ခံရ
တတ်လေသည်။ ခေတ်တစ်ခေတ်၏ ‘ချဉ်ဖတ်’ဖြစ်ရသော်လည်း၊
နောက်တစ်ခေတ်၏ ‘နတ်ဒေဝတာ’ဖြစ်ရတတ်လေသည်”
-ဆရာ ပါရဂူ
တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၁)ရပ်ကွက်၊ ကန်သာယာလမ်းမှ
တဆင့် ကန်ပေါင်ပေါ်သို့ တက်လိုက်သောအခါ အပြောကျယ်လှသည့်
ကန်တော်ကြီးကန်ကို တွေ့မြင်ရသည်။ မြေလတ်မြို့တစ်မြို့တွင်
ဤမျှကျယ်ပြောသည့် ရေကန်တစ်ခုကို မြင်ရလိမ့်မည်ဟု မထင်မိခဲ့ချေ။
ကြာပန်းနီနီတွေက ကန်ရေပြင်ထက်သို့ တိုးတက်ဝင့်ကြွားကာ လှအောင်
ပွင့်နေကြသည်။ ကန်ပေါင်တစ်လျှောက်တွင် အခါကြီးရက်ကြီး ဝါဆို
လပြည့်နေ့နံနက်ခင်း ၁၀နာရီ၌ ငါးမျှားသူတို့ဖြင့် စည်ကားလှပါသည်။
..... ကန်ပေါင်လမ်းကို ဆုံးအောင်သွားမိသောအခါ လူပရိသတ်စည်ကား
လှသော ကျောင်းတိုက်တစ်ခုကို တွေ့သည်။ ဝါဆိုသင်္ကန်းကပ်နေကြ
ခြင်းဖြစ်သည်။ နတ်မှီတောရထင်၍ အလောတကြီး ဝင်လိုက်မိသော
ကျောင်းက ရဲအစောင့်အရှောက်နှင့် အရာရှိအရာခံများ သင်္ကန်းကပ်၊
ဆွမ်းကျွေးနေကြသည်။ အဝင်မှားခဲ့ပြီ။ မေးမြန်းကြည့်တော့မှ
နတ်မှီတောရသို့ သွားသည့် လမ်းသွယ်ကလေးကို အမှတ်မထင်
ကျော်လာခဲ့ခြင်းဖြစ်သည်။
----- စည်ကားလှသောထိုကျောင်းမှ ပြန်ထွက်လာခဲ့ပြီး နတ်မှီ
တောရသို့ ဆိုင်းဘုတ်ကို တွေ့အောင်ရှာ၍ တောလမ်းကလေး
အတိုင်း ဝင်ခဲ့သည်။ ယခုမှပင် ရောက်ချင်လှသည့် ဆရာတော်
ရှင်ဥက္ကဋ္ဌ၏ကျောင်းသို့ ရောက်တော့သည်။ ဝါဆိုလပြည့်
ဖြစ်သော်လည်း ကိုးကွယ်ဆည်းကပ်သူ ပရိသတ်က လက်ချိုး
ရေ၍ပင် ရလောက်သည်။ လူနည်းစုနှင့် တည်တံ့နေရသော
ကျောင်းကလေး။ ကျောင်းရှေ့ကိုရောက်သောအခါ ဖိနပ်ချွတ်သည့်
အကျင့်က မပျောက်နိုင်၍ ချွတ်လိုက်မိသေးသည်။ ပြီးမှ
ဆရာသိန်းဖေမြင့် နတ်မှီတောရသို့ ရောက်ခဲ့စဉ်က တွေ့ခဲ့သည်
ဆိုသော “ကျောင်းဝင်းအတွင်း ဖိနပ်စီးနိုင်သည်” ဆိုင်းဘုတ်
ကလေးကို သတိရလိုက်သဖြင့် ချွတ်ထားသော ဖိနပ်ကို ပြန်စီး
ရသည်။
----- ရောက်လျှင်ရောက်ချင်း ဆရာတော်ရှင်ဥက္ကဋ္ဌ၏ ဂူသင်္ချိုင်း
ကို ဦးခိုက်ရပါသည်။
ဆရာတော့် ပုံတူရုပ်တုကိုလည်း ဂူသင်္ချိုင်းထက်၌ ဖူးတွေ့ရသည်။
ဂူသင်္ချိုင်း၏ ပတ်ပတ်လည် တံတိုင်းနံရံများပေါ်တွင် ဆရာတော်
ရေးသားခဲ့သော စာစုစာရင်းနှင့် သြဝါဒများကို ရေးထွင်းထားသည်။
စာစုစာရင်းကို ပါလာသည့်မှတ်စုစာအုပ်တွင် ကူးရေးရတော့သည်။
၁။ ရွှေချိန်ခွင် စာအဖြေ
၂။ တကယ့် စာတန်
၃။ ကပ္ပပြဿနာ
၎။ စိန်တင့်ကြီးဝတ္ထု (ပ၊ဒု၊တ၊စ)
၅။ စဉ်ပြိုင်သာသနာ (ပ၊ဒု)
၆။ ကန်တော့ပန်း
၇။ နတ်မှီရေစမ်းမှ ရေပန်းကလေးများ
၈။ ဓမ္မစကြာ (နတ်မှီဟောစဉ်)
၉။ စစ်တွင်းကြုံရ ငါ့ဘဝ
၁၀။ ဗုဒ္ဓဝါဒ
၁၁။ ဗုဒ္ဓလမ်းစဉ်
၁၂။ ဗုဒ္ဓ စာချွန်တော်
၁၃။ ဗုဒ္ဓ အဘိဓမ္မာ
၁၄။ ဗုဒ္ဓ မှတ်ကျောက်
၁၅။ အသင်လူသား ဘာမှားနေလဲ
၁၆။ အိုယောဂီ သင်ဘယ်ကိုသွားမှာလဲ
၁၇။ ကြိုက်ရာရွေး လမ်းနှစ်သွယ်
၁၈။ အစွဲပြုတ် တဲကုတ်ရွှေနန်းတော်
၁၉။ အနတ္တရောင်ခြည်
၂၀။ ဗုဒ္ဓ ဝိနည်း
၂၁။ နိဗ္ဗာန်ဆိုတာ
၂၂။ လက်ဝဲနိုင်ငံများနှင့် ဘာသာလွတ်လပ်ပုံ
၂၃။ လူသေ လူဖြစ်
၂၄။ မဟာယာန ဗုဒ္ဓဝင်
၂၅။ ဘဝရေစီး
၂၆။ လူသားနှင့် မြေလွှာ
၂၇။ သမ္မာသမဂ္ဂဝါဒ
၂၈။ မဟာသမဂ္ဂဝါဒ
၂၉။ ကမ္ဘာ့အဘိဓမ္မာ လက်စွဲ
၃၀။ ယုဒ္ဓအဘိဓမ္မာ(တပ်မတော်မော်ကွန်းတိုက်စာမူ)
၃၁။ အဘိဓမ္မာ့ အဘိဓမ္မာ(ကမ္ဘာ့ဒဿနကျမ်းကြီး)
၃၂။ ဝိသုဒ္ဓိမဂ် (အင်္ဂလိပ်ဘာသာဖြင့်)
၃၃။ ကထာဝတ္ထု (အင်္ဂလိပ်ဘာသာဖြင့်)
၃၄။ မိဂဒါဝုန်တရား (အင်္ဂလိပ်ဘာသာဖြင့်)
၃၅။ လမ်းနှစ်သွယ် (အင်္ဂလိပ်ဘာသာဖြင့်)
၃၆။ ဓမ္မပဒ (အူရဒူဘာသာဖြင့်)
----- ကျောင်းဆောင်ဟောင်းထဲသို့ ဆက်လက်ဝင်မိသောအခါ
ကျောင်းတိုင်တွင် ချိတ်ထားသော မှန်ပေါင်အပြည့် ဆရာတော်
ရှင်ဥက္ကဋ္ဌ၏ ပုံတူပန်းချီကားကို ဖူးတွေ့ရသည်။ ပန်းချီရေးသူ
အမည်ကို သိချင်သဖြင့် အောက်ခြေလက်မှတ်ကို ဖတ်ကြည့်
သောအခါ သဲသဲကွဲကွဲ မမြင်ရတော့ပေ။ အရှင်ဇဝန(နေရှင်နယ်)၊
ဆရာတော်ရှင်ဥက္ကဋ္ဌနှင့် ကျောက်ကွင်းရွာ သူကြီးဦးလှောင်တို့
တွဲရိုက်ထားသော အဖြူအမည်းဓာတ်ပုံတစ်ပုံကိုလည်း တွေ့ရသည်။
ကျောက်ကွင်းသူကြီး ဦးလှောင်ကို ဓာတ်ပုံထဲတွင် မြင်ရသောအခါ
သခင်မြတ်ဆိုင်ရေးသားခဲ့သော ကျောက်ကွင်းအရေးတော်ပုံစာအုပ်
က ခေါင်းထဲသို့ ရောက်လာသည်။ ၁၉၃၆ခုနှစ် ဘာသာပြိုင်ပွဲကြီး၌
ပြောဟောခဲ့သော ဆရာတော်၏ စကားသံတရားသံတို့ကို ကြည်ညို
စွာ ကြားယောင်မိတော့သည်။
“လူတိုင်းမှာ ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်ဥာဏ်ပညာ၊ ကိုယ်ပိုင်ဝေဖန်
ချက်၊ ခံယူချက်ဆိုတာ ရှိပါတယ်။ အဲဒီ ကိုယ့်မှာရှိတဲ့ ကိုယ်ပိုင်
အသိဥာဏ်နဲ့ စဉ်းစားဆင်ခြင်ဝေဖန်ပြီး ဘယ်တရားဟာဖြင့်
သဘာဝကျမကျ၊ ယုတ္တိရှိမရှိ၊ မှန်မမှန်ဆိုတာကို ကိုယ်တိုင်
သဘောပေါက်ပြီး ကိုယ်ပိုင်ဥာဏ်နဲ့ ဆုံးဖြတ်ခံယူတာဟာ အသင့်
တော်ဆုံး အမှန်ကန်ဆုံး ဖြစ်ပါလိမ့်မယ်”
“ဗုဒ္ဓဘုရားရှင်ရဲ့တရားတော်နဲ့ စာရေးဆရာတွေရဲ့ အဋ္ဌကထာ၊
ဋီကာ စတာတွေကို အတူတူချည်းပဲ ထင်ပြီးပြောနေကြရင်တော့
ဖြစ်မှာမဟုတ်ပါဘူး။ အလွန်မှားပါလိမ့်မယ်။ ပိဋကတ်တော်ကို
စေ့စေ့စပ်စပ်သေသေချာချာ မလေ့လာခဲ့ဘူးဆိုတာ ပြရာ
ရောက်ပါလိမ့်မယ်။ ဦးသာဒင်တို့ အင်မတန်အထင်ကြီးတဲ့
အနောက်တိုင်းက ခရစ်ယာန်ဘာသာဝင် ပညာရှင်တွေထဲက
ဗုဒ္ဓဘာသာပိဋကတ်တော်တွေကို စေ့စေ့စပ်စပ်ကြီး လေ့လာမိတဲ့
ပုဂ္ဂိုလ်တွေဟာ ဘယ်ဟာဗုဒ္ဓဘုရားဟောအစစ်၊ ဘယ်ဟာက
နောက်စာရေးဆရာရဲ့လက်ရာပဲဆိုတာ ခွဲခြားနိုင်ပြီးတော့
ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ကြတာတွေ အများကြီးရှိပါတယ် ”
“ဘယ်ဘုရား၊ ဘယ်ဣ ဒ္ဓိပါဒ်ရှင်ကမျှ ကယ်တင်လိမ့်မည်ဟု
မျှော်လင့်တောင့်တနေတဲ့ ဘာသာမျိုးလည်း မဟုတ်ပါဘူး။
ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဒုက္ခအသီးသီးမှ ချုပ်ငြိမ်းအောင်
ကိုယ့်ဟာကိုယ် အားထုတ်သွားရတဲ့ လုပ်ငန်းသာလျှင်
ဗုဒ္ဓဘာသာ ဗုဒ္ဓဝါဒမှာရှိပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာမှာ
ပုဂ္ဂိုလ်စွဲ အားထားမှုမျိုး မရှိပါဘူး။ ဓမ္မသက်သက်သာ ရှိပါတယ်။
ပြုပြင်ပြောင်းလဲမှု သင်္ခါရတို့ရဲ့ ကုန်ရာငြိမ်းရာ အသင်္ခတသည်သာ
ဗုဒ္ဓဘာသာရဲ့ ပန်းတိုင်ဖြစ်ပါတယ်”
“ဂေါတမဘုရားရှင်ဖြစ်မည့် သိဒ္ဓတ္ထမင်းသားဟာ မဟာသက္ကရာဇ်(၆၈)ခု
ကဆုန်လပြည့် သောကြာနေ့မှာ ဖွားမြင်တော်မူတယ် (ဘယ်ဘုရင်၊
ဘယ်မိဖုရားက ဘယ်နေရာမှာဖွားမြင်ခဲ့ပြီး၊ ဘယ်နေရာမှာ ဘုရား
ဖြစ်ခဲ့တယ်ဆိုတာ အထင်အရှားရှိတယ်) ... .... ယေရှုခရစ်ဟာ ဘယ်နေ့
ဘယ်ရက် ဘယ်လ ဘယ်အချိန် ဘယ်သက္ကရာဇ်မှာ မွေးတယ်ဆိုတဲ့
ရက်ချုပ်ကို မှန်ကန်အောင် အတိအကျပြောနိုင်မယ်ဆိုရင် ဦးပဉ္ဖင်း
ဟောဒီသင်္ကန်းကို ဒီနေရာတွင်ပဲ တစ်ခါတည်း ချွတ်ပုံချခဲ့ပြီး အပြီးတိုင်
ခရစ်ယာန်ဘာသာဘက်ကို ဝင်လိုက်မယ်”
----- ကျောင်းဆောင်အပေါ်ထပ်သို့ တက်မိသောအခါ လက်ရှိ
နတ်မှီတောရ၏ ကျောင်းထိုင်ဆရာတော် ရှင်ဆန္ဒာဓိကကို
ဖူးတွေ့ရသည်။ ရှင်ဆန္ဒာဓိကမှာ ဆရာတော်ရှင်ဥက္ကဋ္ဌနှင့်
ဆယ်နှစ်ခန့် အနီးကပ်နေခဲ့ရဖူးသော တပည့်ရင်းလည်း ဖြစ်သည်။
ဆရာတော် ရှင်ဥက္ကဋ္ဌ ဘာသာပြန်ဆိုခဲ့သော ရာဟုလာ
သံကိစ္စည်း၏ “အဘိဓမ္မာ့ အဘိဓမ္မာ”စာအုပ်ကို တည်းဖြတ်
စုစည်းနေဆဲကာလမို့ အရှင်ဆန္ဒာဓိကအနီးတွင် ဟိန္ဒူ ကျမ်း
စာအုပ်များ၊ အဘိဓာန်များ၊ စွယ်စုံကျမ်းများ၊ အဘိဓမ္မာစာအုပ်
များနှင့် ရှုပ်ပွနေတော့သည်။ ရှင်ဥက္ကဋ္ဌဖတ်ခဲ့သော စာအုပ်
အထူကြီးများကို ဆရာတော်က ထုတ်ပြသဖြင့် မြင်ဖူးအောင်
ကြည့်ရသေးသည်။ စားပွဲအောက်ဆီမှ ဟိန္ဒူဘာသာဖြင့်
ရေးထားသော ရာမာယနဝတ္ထုစာအုပ်ကြီးနှင့် ယုဒသန်
ပြုစုခဲ့သော မြန်မာအင်္ဂလိပ် အဘိဓာန်စာအုပ်တို့ကို စိတ်ဝင်စား
နေမိသည်။ မသိသေးသည်များကို မေးမြန်းနေရာမှ မေးခွန်း
များ ထူပြောလာသောအခါ ကျောင်းထိုင်ဆရာတော်က
စာအုပ်များနှင့်ပတ်သက်၍ အဖြေမပေးဝံ့သည့်အကြောင်း၊
အေးအေးနေလိုကြောင်းလည်း ရယ်မော၍ ပြောသေးသည်။
----- ဆွမ်းဘုန်းပေးချိန်တန်သဖြင့် ကျောင်းထိုင်ဆရာတော်
နှင့် စကားစဖြတ်ကာ ဆရာတော်ရှင်ဥက္ကဋ္ဌ သီတင်းသုံး
ခဲ့သော အခန်းငယ်လေးဆီသို့သွားရန် ကျောင်းပေါ်မှ
ဆင်းခဲ့သည်။ ကျောင်းဝင်းမြေကို ပြန်အနင်းတွင် ဖိနပ်ကို
ချမစီးမိဘဲ လက်က ယောင်၍ ကိုင်ထားမိသည်။ အနီးရှိ
ကိုရင်လေးတစ်ပါးက ဖိနပ်စီးဖို့ ပြောရာမှ နတ်မှီတောရ၏
လွတ်လပ်ခွင့်ကို သတိရတော့သည်။ အစွဲမပြုတ်နိုင်သဖြင့်
လက်ထဲတွင် ဖိနပ်တစ်ရံနှင့် မလွတ်မလပ် ဖြစ်ရသည်။
အစွဲပြုတ် တဲကုပ်ရွှေနန်းတော် မဟုတ်ပါလား။
----- ဆရာတော်ရှင်ဥက္ကဋ္ဌ သီတင်းသုံးခဲ့သော အခန်းကလေး
ကို ပြတိုက်သဖွယ် ပြင်ဆင်ထားသည်။ ပြတိုက်ထဲသို့ ရောက်
နေသောဆရာတော်၏ဘဝကို တွေးမိသဖြင့် ဝမ်းနည်းရသည်။
သို့သော် ဆရာတော်လျှောက်ခဲ့သောလမ်းကို ပြတိုက်ကလေး
က အပြည့်အဝနီးပါး ပြစွမ်းနိုင်ပေသည်။ အခန်းအဝင်ဝတွင်
ဆရာတော်၏ နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာတို့ကို စာရင်း
လုပ်၍ ကပ်ထားပါသည်။
နံနက်စောစော အိပ်ရာထ။
လမ်းလျှောက်။
နံနက် ၆ နာရီ ဆန်ပြုတ်ဘုန်းပေး။
နံနက် ၆နာရီမှ ၈နာရီထိ စာကြည့်။
၈နာရီမှ ၉နာရီထိ ဧည့်သည်များနှင့် တွေ့ဆုံ။
၉နာရီမှ ၁၀း၃၀နာရီအထိ စဉ်းစားနေ။
၁၀း၃၀ နာရီ ရေချိုး။
၁၁နာရီ ဆွမ်းစား။
ဆွမ်းစားပြီးချိန်မှ ၁း၃၀နာရီခန့်အထိ ကျိန်းစက်နားနေ။
၁နာရီခွဲခန့်မှ ညနေ ၄နာရီအထိ စာရေး စာကြည့်။
၎နာရီမှ ၅နာရီခန့်အထိ လမ်းလျှောက်။
၅နာရီမှ ၇နာရီခန့်အထိ ကျောင်းတွင်း ရဟန်းများနှင့် အထွေထွေဆွေးနွေး။
၇နာရီမှ ၉နာရီထိ ကမ္ဘာအရပ်ရပ်မှ ရေဒီယိုသတင်းများ နားထောင်။
၉နာရီကျော် အိပ်ရာဝင်။
အခန်းထဲသို့ဝင်လျှင်ဝင်ချင်း ဆရာတော်ကျိန်းစက်ခဲ့ရာ ကုတင်
လေးကို တွေ့ရသည်။ ခြုံစောင်၊ ခေါင်းအုံး၊ သင်္ကန်း တစ်ထည်
ခေါက်လျက်သားနှင့် တောင်ဝှေးတစ်ချောင်းကို တင်ထားသည်။
ကုတင်ခြေရင်းတွင် ဆရာတော် အသုံးပြုခဲ့သော လက်နှိပ်စက်
အိုလေး တစ်လုံး ရှိသည်။
----- အခန်းပတ်လည်နံရံများပေါ်တွင် မှတ်တမ်းဝင်ဓာတ်ပုံများ
ချိတ်ဆွဲပြသထားသည်။ မှန်ဗီရိုလေးထဲတွင် ဆရာတော်၏
လက်ရေးစာမူကလေးများလည်း ရှိသည်။ ပေထုပ်အချို့
ကိုလည်း တွေ့ရသည်။ အခန်းက အနည်းငယ်မှောင်နေသဖြင့်
ဓာတ်ပုံရိုက်ဖို့ မလွယ်ကူပေ။ အခန်းထဲမှပြန်အထွက် အခန်း
ကျယ်ကြီးထဲတွင် စာအုပ်ဗီရိုကြီးများကို တွေ့ရပြန်သည်။
ဆရာတော်ရေးသားစီရင်ခဲ့သော စာအုပ်များကို ဗီရိုအလတ်
တစ်လုံးဖြင့် သပ်သပ်စီထည့်ထားသည်။ ဗီရိုအထက်က နံရံတွင်
ဗီယက်နမ်သမ္မတဟိုချီမင်းနှင့် ဆရာတော်ရှင်ဥက္ကဋ္ဌတို့ စကား
လက်ဆုံကျနေဟန် ပန်းချီကားကို တွေ့ရသည်။
----- ပန်းချီကား၏ အောက်နားဆီတွင် ဘုရားဟော ကေသမုတ္တိ
သုတ်တော်လာ ကာလာမရွာသားတို့အား ပေးခဲ့သော အမှန်တရား
ရှာနည်း နိဿရည်းကို ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ဘာသာသုံးမျိုးဖြင့်
ရေး၍ ကပ်ထားသည်။
“အို ... ကာလာမမင်းတို့ ...
ပြောသံကြားကာမျှဖြင့် လည်းကောင်း
အစဉ်အဆက်စကားမျှဖြင့် လည်းကောင်း
ဤသို့ဖြစ်ဖူးသတတ်ဟူသောစကားဖြင့် လည်းကောင်း
ပိဋကတ်စာပေနှင့်ညီညွတ်ပေသည်ဟူ၍ လည်းကောင်း
ကြံဆတွေးတောယူခြင်းမျှဖြင့် လည်းကောင်း
နည်းမှီးယူခြင်းမျှဖြင့် လည်းကောင်း
အခြင်းအရာကို ကြံစည်သောအားဖြင့် လည်းကောင်း
ကိုယ်တိုင်ကြံစည်ထားသောအယူနှင့် တူကာမျှဖြင့်လည်းကောင်း
မှတ်ယူထိုက်သော သဘောမျှဖြင့်လည်းကောင်း
မိမိလေးစားအပ်သောရဟန်း၏ စကားမျှဖြင့်လည်းကောင်း
ဟုတ်ပြီ မှန်ပြီဟု မယူကုန်လင့်ဦး”
----- ကာလာမသုတ်တော်သည် ဆရာတော်ရှင်ဥက္ကဋ္ဌကိုယ်တိုင်
စွဲစွဲမြဲမြဲ ဆုပ်ကိုင်ခဲ့သော ဘုရားဟော ဖြစ်သည်။ ဗုဒ္ဓဘာသာတရား
တော်များကို ချဉ်းကပ်ရာတွင် ဆရာတော်ရှင်ဥက္ကဋ္ဌသည် ကာလာမ
သုတ်၏ ဟောချက်အတိုင်းပင် လိုက်နာခဲ့သည်ချည်း ဖြစ်၏။
ဆရာတော်ရှင်ဥက္ကဋ္ဌသည် ဗုဒ္ဓဝါဒ ဗုဒ္ဓလမ်းစဉ် အစစ်အမှန်ကို
လိုက်ရင်းကပင် အိန္ဒိယပြည်သို့ ရောက်သောအခါ ဟိန္ဒူဗြဟ္မဏဝါဒ
ကြီးများနှင့် တိုးတိုက်ခဲ့မိလေသည်။ ထိုစဉ်အခါကလည်း ကာလာမ
ရွာသားတို့အား ဗုဒ္ဓပေးခဲ့သော စစ်တမ်းထုတ်နည်းဖြင့် မြန်မာပြည်
ရောက်ပိဋကတ်တော်များတွင် အခြားသီဟိုဠ်အိန္ဒိယအယူဝါဒများ
ရောယှက်ပါလာနိုင်သည်ဟု သံသယဝင်ခဲ့သည်။
----- လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ကျော်က ကာလာမပုဏ္ဏားတို့ကို
အကြောင်းပြု၍ ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားခဲ့သောတရားတော်
ကို ဆရာတော်ရှင်ဥက္ကဋ္ဌက သင့်လျှော်အောင် မြန်မာပြန်၍
ဗုဒ္ဓစာချွန်တော်ဟု အမည်ပေးကာ ထုတ်ဝေခဲ့ဖူးပါသည်။
-ဗုဒ္ဓစာချွန်တော်
သူပြောလူပြော တစ်ဆင့်စကားကို ကြားကာမတ္တနှင့် မှန်လှပြီ၊
ဟုတ်လှပြီဟု မယုံကြည်လေနဲ့။
အသင်တို့၏ အမိအဖ၊ ဆရာသမား၊ သက်ကြီးဝါရင့်များက
ပြောကြားခဲ့တဲ့ စကားဖြစ်လို့ မုချဧကန် တကယ်မှန်ရမည်ဟု
မမှတ်ယူကြကုန်ရာ။ သင်တို့၏ ရှေးစာအုပ်ကြီးတွေ၊ ပေထုပ်ကြီး
တွေ၊ ပုရပိုက်ကြီးတွေထဲမှာ ပါရှိတယ်ဆိုရုံမျှနှင့် မှန်လှပြီဟု
မမှတ်ယူကြကုန်ရာ။
အသင်တို့၏ ကိုးကွယ်ဆည်းကပ်ရာ ဘုရားရဟန္တာတို့၏ မုက္ခ
ပါဌ်အစစ်ဖြစ်သည်ဟု ဆိုကာမတ္တဖြင့် မချွတ်ဧကန် မှန်လှပြီဟု
မယုံကြည်ပါနှင့်။
သက်ကြီးစကား သက်ငယ်ကြားဟူသော ပရိဘာသာအရ အစဉ်
အလာကို ရိုသေသမှု ဤတစ်ခုတည်းဖြင့် မည်သည့်အရာကိုမျှ
မှန်လှပြီဟု တထစ်ချ မမှတ်ကြကုန်ရာ။
အချုပ်အားဖြင့် ဆိုရသော် အားလုံးသော အရာများကို အသင်တို့
၏ ဝိဘဇ္ဇ (ဝါ) ဝေဘန်ဥာဏ်ဟူသော ချိန်ခွင်စက်၌ တင်စက်၍
ကြည့်လော့။
ဝိစာရဏ (ဝါ) နှိုင်းယှဉ်ဆင်ခြင်မှု မှတ်ကျောက်၌ တိုက်၍
စမ်းကြလော့။
ဘုရားရဟန္တာနှင့် လူသာမန်၊ အဘိဓမ္မာဆရာနှင့် လူအ၊
ဘုရားတကာနှင့် လူယုတ်မာ၊ ဓနရှင်နှင့် ကျောမွဲ၊ လယ်ထဲကလူ
နှင့် နန်းတော်ပေါ်ကလူ ဟူ၍ ခွဲခြားပြီး မျက်နှာလိုက်မနေပါနှင့်။
အပြင်းအထန် ဝေဘန်ကြကုန်လော့။ ဆွေးနွေး၍ စစ်ဆေးကြ
ကုန်လော့။ ဝိဘဇ္ဇနှင့် ဝိစာရဏမှ ကင်းလျှင် အမှန်နားသို့
မချဉ်းကပ်နိုင်သောကြောင့်တည်း။
----- ဆရာတော်ရှင်ဥက္ကဋ္ဌ၏ ဗုဒ္ဓသာသနာ ၂၅၀၀ပြည့်မှတ်တိုင်
ကို ကျောင်းဝင်းထဲတွင် စိုက်ထူထားပါသည်။ စေတီပုံစံမဟုတ်
သည်က ထူးခြားချက်ဖြစ်သည်။ ကျောင်းဝင်းထဲတွင်လည်း
ဘာစေတီမှ မရှိပါ။ ထုထည်ကြီးမားလှသော သာသနာ၂၅၀၀ပြည့်
ကျောက်တိုင်ကြီးသာ ရှိလေသည်။ ၂၄ရက် - မေ - ၁၉၅၆ ခုနှစ်
တွင် ဆရာတော်ကိုယ်တိုင် ကြီးမှူး၍ တည်ဆောက်ခဲ့ခြင်း ဖြစ်
သည်။ မျက်နှာစာလေးခု ရှိသည်။ အရပ်မျက်နှာတစ်ခုစီတွင် ဗုဒ္ဓ
သြဝါဒ၊ ဗုဒ္ဓလမ်းစဉ်၊ ဗုဒ္ဓအခြေခံသဘောတရား၊ ဗုဒ္ဓအဘိဓမ္မာ
စသဖြင့် ဆောင်ပုဒ်ကလေးများကို ရေးထွင်းထားလေသည်။
-ဗုဒ္ဓသြဝါဒ
ကိုယ့်ရုပ် ကိုယ်ပြောင်း ကိုယ်ကောင်းအောင်ကြံ
ကိုယ့်အစာ ကိုယ်စား - ကိုယ်မှားလျှင်ခံ
ကိုယ့်လှေ ကိုယ်ထိုး - ပဂိုးနှင့် ပဂံ
ကိုယ့်ဇိမ်တွေ့၊ ကိုယ်မွေ့ ကိုယ်ပင်စံ။
-ဗုဒ္ဓလမ်းစဉ်
နီဝရဏ - ငါးဝပယ်ခြိုင်
သီ-သံ-သ-သံ လေးတန်ပိုင်နိုင်
စား- သောံ - ရှူ - ထုပ် - သိမ်းချုပ် - ခါထိုင်
ဈာန် - မဂ်ငြမ်း၊ တက်လှမ်းနိဗ္ဗာန်တိုင်။
-ဗုဒ္ဓအခြေခံသဘောတရား
အရှိ - အဖြစ် - အရိပ် - အထင်
အရှိ - တရား ထင်လျားသိမြင်
အဖြစ် - အရိပ် ခဲကြိတ်ပြုပြင်
အထင် - ပစ်၊ အနှစ်နိဗ္ဗာန်ဝင်။
-ဗုဒ္ဓအဘိဓမ္မာ
အာရုံငါးဝ, ရူပဓမ္မေ
သူ့ဟာ - သူထား - အလကားဟာတွေ
စ - သ - ဃ - ဇ - က နှင့် ဆုံချေ
ကောင်း - ဆိုး ခွဲ, ပေါ်မျဲ ဝိညာဏေ။
----- ရှစ်လုံးဘွဲ့ကဗျာအမျိုးအစားများ ဖြစ်သည်ကို တွေ့ရသည်။
သီ သံ သ သံ လေးတန်ကို မသိ၍ အနီးရှိ နယ်ခံ ဦးလေးကြီး
တစ်ယောက်ကို မေးသောအခါ ပိုင်နိုင်စွာ အဖြေမပေးနိုင်၍
မသိခဲ့ရပေ။ စ သ ဃ ဇ က ကိုလည်း ဆက်၍ မမေးဖြစ်တော့။
----- ပေလေးပင် ရှင်လေးပါး အထိမ်းအမှတ် ကျောက်စာတိုင်
ကိုလည်း ကျောင်းဝင်းထဲမှာပင် တွေ့ရသည်။ လေးမြှောင့်တိုင်ကြီး
ဖြစ်၏။ ရှင်လေးပါး၏ မွေးသက္ကရာဇ်နှင့် ပျံလွန်သက္ကရာဇ်များကို
ရေးထွင်းထားသဖြင့် ကူးယူခဲ့၏။ မြန်မာသက္ကရာဇ်များ ဖြစ်ပါသည်။
-ရှင်မဟာသီလဝံသ
မွေးဖွား- ၈၁၅
ပျံလွန် - ၈၈၂
-ရှင်ဥတ္တမကျော်
(၈၁၅ - ၉၁၂)
-ရှင်အုန်းညို
(၈၁၅ - ၈၅၅)
-ရှင်ခေမာ
(၈၁၅ - ၈၆၈)
----- ကျောင်းဝင်းထဲတွင် နေရာစုံရောက်ခဲ့၍ ပြန်ဖို့ စိတ်ကူး
ရသောအခါ မွန်းတည့်လေပြီ။ နတ်မှီတောရမှ ပြန်ထွက်ခဲ့၍
ဆရာတော်၏ ဇာတိဖြစ်သော အိမ်ခြေနှစ်ဆယ်ခန့်ရှိ ဆီမီးထွန်း
ရွာကလေးသို့ သွားဖို့ စဉ်းစားမိသည်။ သို့သော် မြို့နှင့်ဝေးသည်
ထင်၍ မသွားဖြစ်ခဲ့။ ဆရာတော်ကို ၁၉-၉-၁၈၉၇ (မြန်မာသက္ကရာဇ်
၁၂၅၉ခုနှစ်၊ တော်သလင်းလဆုတ် ၉- ရက်) တွင် တောင်တွင်း
ကြီးမြို့အရှေ့မြောက်ဘက်ရှိ ဆီမီးထွန်းရွာ၌ ဖခင်မွန်းရွှေထပ်၊
မိခင်ဒေါ်လှဝါတို့မှ ဖွားမြင်ခဲ့ကြောင်း သိရသည်။ မြို့ထဲသို့
ပြန်ဝင်ကာ ဆရာတော်တည်ထောင်ခဲ့သော ဥက္ကဋ္ဌ ဗုဒ္ဓမစ်ရှင်
ကျောင်းရှေ့က ဖြတ်၍ ပြန်ခဲ့သည်။
----- အိုဘီအမ်(O.B.M)ဗုဒ္ဓသာသနာပြုကျောင်းကို ၁၉၃၂
ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က တို့ဗမာတွေ
“သခင်”ဟု ကြွေးကျော်ခါစ အချိန်ဖြစ်သည်။ ရှင်ဥက္ကဋ္ဌသည်
ထိုကျောင်း၏ ကျောင်းအုပ်ဆရာကြီးအဖြစ် ထင်ထင်ရှားရှား
အမည်ခံ၍ အုပ်ချုပ်ခဲ့သည်။ အမျိုးသားကျောင်းဆိုကာမျှနှင့်
သူပုန်ကျောင်းဟု အင်္ဂလိပ်အစိုးရက မျက်မုန်းကျိုးနေခိုက်
ကာလဝယ် ကျောင်းအုပ်ဖြစ်သူမှာ သူပုန်ခေါင်းဆောင်ကြီး
သဖွယ် ရှိခဲ့ပေမည်။ အင်္ဂလိပ်စာကို ထွန်တုံးပေါ်ရောက်စေရမည်
ဟု ကြွေးကျော်၍ ခေတ်အသိ၊ ခေတ်ပညာ၊ အမျိုးသားရေး
စိတ်ဓာတ်တို့ကို သင်ကြားပေးခဲ့သည်။ ကျောင်း၏ ဆောင်ပုဒ်မှာ
“ဆင်းရဲသားကို အလုပ်အကျွေးပြုခြင်းသည် ဗုဒ္ဓရှင်တော်မြတ်ကို
အလုပ်အကျွေးပြုခြင်းပင် မည်၏”ဟူသော ဗုဒ္ဓ၏တရားတော်
ဖြစ်သည်။ အိုဘီအမ် အမျိုးသားကျောင်းသည် တောင်တွင်းကြီး
မြို့နယ် တို့ဗမာအစည်းအရုံး ဌာနချုပ်လည်း ဖြစ်ခဲ့ဖူးသည်။
အင်္ဂလိပ်များ၊ ဂျပန်များကို တော်လှန်သည့် စခန်းတစ်ခု ဖြစ်ခဲ့ရုံ
မျှမက ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ် အမျိုးသားရေး
လှုပ်ရှားမှုမှန်သမျှတို့နှင့် ဆက်စပ်ပတ်သက်နေခဲ့သော ကျောင်း
တစ်ခု ဖြစ်လေသည်။ ဆရာသိန်းဖေမြင့်ပင် ထိုကျောင်းတွင်
ဆရာအဖြစ်ဝင်လုပ်ခဲ့သေးသည်ဟု ဖတ်ဖူးပါသည်။ ယခုအခါ
ထိုကျောင်းမှ ထွက်သော ကျောင်းသားကြီးများ အချို့ သက်ရှိ
ထင်ရှားဖြင့် နိုင်ငံအရပ်ရပ်တွင် ရှိနေကြမည်လားဟု တွေးမိပါသည်။
----- နတ်မှီတောရကိုလည်း ရောက်၍ ပြန်ခဲ့ပြီ။ အမျိုးသားကျောင်း
ကိုလည်း မြင်ခဲ့ရပြီ။ ဆရာတော်ရှင်ဥက္ကဋ္ဌ၏ ခြေရာထင်သောမြေမှ
ပြန်ခါနီးတွင် ဆရာပါရဂူ၏ ဝါကျအချို့ကို ရုတ်တရက် သတိရ
လိုက်မိသည်။ ၁၃၂၈ တန်ဆောင်မုန်းလပြည့်နေ့ ဆရာတော်
သက်တော် ၇၀၊ ဝါတော် ၅၀ပြည့် အခမ်းအနားတွင် ဖတ်ကြား
သော ဆရာပါရဂူ၏ စာတမ်းထဲမှ ဖြစ်ပါသည်။
“ရှင်ဥက္ကဋ္ဌသည် သူ၏ အမြင်သစ် အတွေးသစ်များပါသည့်
စာအုပ်စာတန်းမျိုးစုံကို ရေးသား၏။ ထိုအခါ တိုင်းပြည်တွင်
ဂယက်ထသွားလေ၏။ အဟောင်းသမားများ၏ ဝိုင်းပယ်ခြင်းကို
ခံရလေ၏။ တော်လှန်သော အတွေးရှင်တို့သည် ခေတ်တစ်ခေတ်
၏ ဝိုင်းပယ်ခံရသော်လည်း၊ နောင်တစ်ခေတ်၏ အပူဇော် ခံရ
တတ်လေသည်။ ခေတ်တစ်ခေတ်၏ ‘ချဉ်ဖတ်’ဖြစ်ရသော်လည်း၊
နောက်တစ်ခေတ်၏ ‘နတ်ဒေဝတာ’ဖြစ်ရတတ်လေသည်”
--- --- --- --- --- --- ---
-သုဒ္ဓ။ ။
၂၄ - ဇူလိုင် - ၂၀၁၁။
(မှတ်ချက်။ ။ Noel Prime ၏ facebook စာမျက်နှာမှ
ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။)
0 comments:
Post a Comment