Pages

Subscribe:

Search This Blog

Thursday, June 28, 2018

ရွှေအင်းတောင်စေတီတော်

          တရံရောအခါ၊ ထိုမင်း အိပ်မက်မြင်တော်မူသည်ကား ဆဒ္ဒန်အိုင်မှ ဆင်ဖြူတော်ရတနာသည် လူအများကိုမထိုးမဝှေ့ အပြင်းလာရောက်သည်ဟု မြင်မက်တော်မူသည်။


         နံနက်လင်းလျှင် ထိုအိပ်မက် အခြင်းအရာကို မှူးမတ်တို့အား ပြန်ပြော၍ ပဌမမြို့တည် နန်းတည် ဖြစ်သော ဘေးတော် သာဂရမင်းလက်ထက်က ကြာသပတေးနံ၊ တနင်းလာနံ ဖြစ်သော မင်းတို့ မင်းပြုသောအခါ ဆင်ဖြူရတနာရောက်မည်ဟု၊ အမတ်ကျော်လျှောက်သော အတိတ်စကားနှင့် နှိုင်းချိန်လျှင်...ငါဘုံသည်လည်း ကြာသပတေးသား၊ ငါ့အား ဧကန်၊ နတ်တို့ဖန်၍၊ ဆင်ပျံရတနာ၊ ရတော့မည်သာဟု၊ ပညာရှိအမတ်တို့အား မိန့်ကြားပြောဆိုတော်မူသည်။







          ထိုသို့သော စကားကို ပြောဟောနေထိုင်စဉ်၊ မဇ္ဈိမဒေသ၊ သင်္ကဿ နဂိုရ်ပြည်တွင် မင်း မရှိသည်နှင့်၊ ကဿပမြတ်စွဘုရား၏ ဥဏ္ဏလုံမွေရှင်တော်ဓာတ်ကို သိကြားမင်း ဆောင်ယူလာပြီးလျှင် မဟလ္လက ပုဏ္ဏားအယောင်ဆောင်၍၊ပိတ်ရောင်မင်းအား ပို့ရောက်လာသည်။

        ပိတ်ရောင်မင်းလည်း မြင်မက်သော အိပ်မက်မှာ - 
ဆင်ဖြူရတနာကို မြင်မက်သည်၊ ဆင်ဖြူတို့ သတ္တိဗလမှာ
၁- အားအင်ကြီးမားခြင်း။
၂- ရဲရင့် ကည်ကြည် ငြိမ်သက်ခြင်း။
၃- ရောက်ရာအရပ်၌ မိုးလေဖြောင့်မှန်၍။
၎- လုပ်သုံးဆောင်ပွါး ပေါများကြွယ်ဝခြင်း။
၅- သတ္တဝါချမ်းအေးခြင်း။
စသော အင်္ဂါ ၇-ပါးနှင့် ပြည့်စုံသည်။

         ယခုမှာမူကား ဆင်ဖြူရတနာထက်၊ အဆအရာ အဆအထောင်မက၊ မနှိုင်းယှဉ်အပ်သော၊ ကျေးဇူးဂုဏ်သတ္တိ ရှိတော်မူသော ဥဏ္ဏလုံ မွေရှင်တော် ရ၍ ရှိပြီ။ အဘယ်အကျိုးငှါ ရတနာဆင်ဖြူတော်ကို အလိုရှိတော့အံ့နည်း။ ရတနာထက် ရတနာဖြစ်သော ဥဏ္ဏလုံ မွေရှင်တော်ကို ယခု စေတီ တည်ထား ကိုးကွယ်တော့အံ့ဟု၊ ဝမ်းမြောက် ပီတိ၊ အလွန်ရှိတော်မူသည် ဖြစ်၍၊ ရွှေနန်းတော်မြောက်တွင် စေတီတည်တော်မူသည်။

       ထိုသို့ စေတီတည်ဆဲအခါ၊ ပစ္စယာသုံးဆင့်မြောက်၊ သုံးရက်ခန့်ရောက်လျှင်၊ ကျောက်ပေါက်ရောဂါ၊ သည်းထန်စွာဖြစ်ပြီး မင်းကြီးပိတ်ရောင် နတ်ရွာစံ၏။

          ထိုမင်းမရှိလျှင်- သားတော်သံတောင်မင်း၊ တနင်းလာသား၊ မင်းပြုတော်မူသည်။ ထိုမင်းလည်း အမတ်ကျော် လျှောက်သော သိုက်-တဘောင်ရ မင်းဖြစ်၍ ခမည်းတော် တည်ထားသော စေတီတော်ကို ဆက်လက်လုပ်ဆောင်၊ သံတောင်အမြင့် ၃၀ ခန့် တည်ပြီးလျှင် ဥဏ္ဏလုံမွေရှင်တော်ကို ဌပနာမည်ပြုရာ ရှင်တော်သည် ခုနစ် ကြိမ်မြောက်၊ ကောင်းကင်သို့ ပျံတက်ပြီးမှ ရွှေပန်းဆိုင်းသဏ္ဌာန် ထက်ဝယ်ဖွဲ့ခွေ၊ ကောင်းကင်၌ နေသည်ကို သံတောင်မင်းမှစ၍ မှူးမတ်ပြည်သူတို့သည် ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက်၊ ပတ္တမြားပေါက်ပေါက်တို့ဖြင့် ပူဇော်ကန်တော့မှ ဌပနာတိုက်သို့ ကိန်းဝပ်တော်မူသည်။

           ဤသို့လျှင် ရတနာသုံးပါး၌ အလွန်တရာ ကြည်ညိုလေးမြတ်သော သံတောင်မင်းသည် ကျောက်စာ ကမ္မည်းများကို အသေအချာ ရေးသားစိုက်မှတ်၍ ကျင့်အပ်သောတရား၊ မမှားစေရ၊ ဆုံးမထိုက်သူ၊ ဒါဏ်ပေးထိုက်သူတို့ကို သေဖြစ် သေဒါဏ် မရောက်စေဘဲ သာယာသဖြင့် ဆုံးမဟောကြား၍ တရားနှင့်အညီ မင်းပြုတော်မူသည်။

         ထိုမင်းမရှိလျှင် သားတော်- *ဒုတ္တသူမင်း။
         ထိုမင်းသားတော်-* ဒုတ္တကျော်မင်း။
         ထိုမင်းသားတော်- သတိုးပြောင်။

          ထို သတိုးပြောင်မင်းသည် တိုင်းရေး ပြည်မှု၌ ကြည့်ရှုစောင့်မနည်းသဖြင့် အကျင့်သွမ်းသော မှူးမတ်တို့နှင့် သေစာ သောက်စား၊ ပျော်ပါးကျူးလွန်သောကြောင့် ပြူ-သက် ကဒူး လူမျိုးတို့ တိုက်ဖျက်၍ အသက်ကုန်ခြင်းသို့ ရောက်လေသည်။

           ဤတွင် သာဂရမင်း ၉-ဆက် ပြတ်၍ တောင်တွင်းကြီးမြို့
ပျက်စီးလေသတည်း။

တောင်တွင်းကြီးသမိုင်း
ပထမပိုင်း ပြီး၏။

* ဥတ္တသူမင်း - ဥတ္တကျော်မင်း - (မင်းကျောင်းမူ)(ဦးဥာဏမူ)

0 comments:

Post a Comment