ယင်းသို့လျှင် ဒွါရာဝတီပြည်မှ အစဉ်အတိုင်း ချီလာခဲ့၍ တောင်ခွင်ကျွန်းအောက်၊ ထန်းတပင်ဆိပ်သို့ ဆိုက်ရောက်တော်မူလျှင် တပင်တိုင် တဲနန်း လေးဆောင် ဆောက်လုပ် စံနေတော်မူသည်။ ထိုအညာ မြစ်စဉ်တလျှောက်ဖြစ်သော ပဌနဂိုရ်၊ မကွေး၊ ဝက်မစွတ်၊ ရေနံချောင်း၊ စကု၊ စလင်း၊ ဘောင်လင်း၊ လယ်ကိုင်းမြို့ရွာသားတို့သည် ပျပ်ဝပ်ကြိုးနွံသဖြင့် လက်ဆောင်လက်နက်များကို လာရောက် ဆက်သကြကုန်သည်။
ထိုသူတို့အားလည်း ဘွဲ့၊ အမည်၊ အရည်၊ ရွှေ၊ ငွေ၊အဝတ်၊ အစား၊ အစီး၊ အနင်း၊ အဆောင်၊ အရွက်များကို ရည်များ ရှိသည်အလျောက် ချီးမြောက် သူကောင်း ပြုတော်မူသည်။
ညီတော် မင်းနောင်, မင်းနဂါးတို့ကိုလည်း နန်းမြို့တည်ရန် မြေခံကောင်းမြတ်ရာ၊ ဩဘာအတိတ်၊ နိမိတ် မင်္ဂလာ၊ မဟာ ဘုမ္မိ နက်သန်မှန်သော အကွက်အရပ်၊ လျောက်ပတ် တင့်တယ်၊ နယ်ပယ် ချဉ်းနင်း၊ ကြည့်ရှုရမည် အကြောင်း။
၎င်းဒေသအရပ်၊ ကောင်းမြတ်သောအခွင့်၊ တော်သင့် တွေ့ရှိလျှင် ...တန်ဆောင်း၊ ပြအိုး၊ မြို့ရိုး၊ ကျုံး မြောင်း၊ ကောင်းမွန် ခိုင်လုံအောင်၊ တည်ထောင်ဆောက်လုပ်၍ ရွှေပြည်တော်ကပါသော သရီရ မွေတော် ဓာတ်များကို ဌပနာ၍၊ ကြီးစွာသောစေတီ၊ တည်လုပ် စီရင်ပြီးလျှင် ပုံစံ အသေအချာများနှင့် တင်တော်သို့ လျှောက်
ထားရမည်။
မှာထား အမိန့်တော်ရှိ၍ ညီတော်မြတ်နှစ်ပါးကို ဗိုလ်နှစ်ထောင် (၂၀၀၀)၊ ဆင်တစ်ရာ (၁၀၀) မြင်းငါးရာ(၅ဝဝ) များနှင့် ထွက်သွားရှာဖွေရမည်။
ကောင်းမြတ်သော မင်္ဂလာအခါတော် ရွေးစစ်ရှိနေစဉ်- သူတော်တစ်ဦးသည် ဝတ်ဖြူစင်ကြယ် ဝတ်လျက် အောင်လံဆောက်သည်၏ အနီးအပါး၊ လာရောက်ပြီးလျှင်
ခံ-သု-ဝေ ကို ပြန်လှန် ပြု၍ ရေး
ဟူသော စကားကို ဆိုမြည်တမ်းပြီးလျှင် ၎င်းနေရာအရပ်တွင်ပင် ပျောက်သွားလေ၏။
ထိုသူတော်၏ စကားကို အောင်လံ စောင့်သူတို့က ကြားသိ တင်လျှောက်ရာ- အမေးတော်ရှိ၍ ရခိုင်ပါ အမတ်ကြီး၊ ဝိဒူရကျော်ခေါင် တင်လျှောက်သည်ကား
ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော အရှင်
မင်းလေးပါးတို့၏ အကြံတော်သည် ဧကန် စင်စစ်၊ ဧကရာဇ် မင်းစောကို၊ မနော မယိဒ္ဓိ၊ ပြီးစီးခြင်း ရှိမည်အကြောင်း၊ ဝိရိယကောင်းသော စတုလောကပါလနတ်တို့သည် လာရောက် နှိုးဆော်တော့သည်။အမှန်ဟု၊ ယူရန် ယူထိုက်သော အချက်ဖြစ်ပါသည်။
ခံ-သု-ဝေ ကို၊ ပြန်လှန်ပြု၍ ရေး-ဟူရာ၌ မြတ်စွာဘုရား
ဟောကြားတော်မူသော ဒေသနာ သုံးရပ်တွင် သုတ္တန် ဒေသနာတော်၌ ဝဏ္ဏ-အက္ခရာ၊ ဗျည်း၊ သရ၊ ဒီဃ၊ ရဿများကို အသီးအသီး၊ ပုရပိုက် ပေစာ၊ ကျောက်စာ မင်စာ၊ ရေးမှတ်ကြလျှင်...
လက်ျာဘက်ကို-ရှေ့၊ လက်ဝဲဘက်ကို- နောက်၊ တစ်နည်းလည်း- ဗျည်း သုံးဆယ့်သုံးလုံးမှာ ကကို လက်ဝဲဖြစ်သော ရှေ့၊ ခကို လက်ျားဖြစ်သောနောက်၊သဒ္ဒါရုပ်တွက်ရာ၌လည်း-ရှေ့ အထက်၌ရှိသောဣသရ ဩ ပြု ဟူ၍ ဆိုပါသည်။
ယင်းသို့ ဖြစ်သောကြောင့် ဝေ-ကို ရှေ့၊ သု-ကို အလယ်။
ခံ-ကို နောက်၊ ဤသို့ အက္ခရာ သုံးလုံးကို သူတော်ဆိုသော စကားအတိုင်း ရှေ့နောက်ပြန်၍ ရေးလျှင် ဝေ-သု-ခံ ဖြစ်ပါသည်။
၎င်း ဝေ-သု-ခံ ဟူသော မဂဓ ဘာသာကို မြန်မာနက်
ယောဇနာသည် ရှိသော်...။
ဝေ = စင်စစ်သဖြင့်၊
သုခံ = ချမ်းသာသည်တကား။
ဤသို့ အနက်ဆိုက်ရောက်သည် ဖြစ်သောကြောင့် မြို့ရာ
ချဉ်းနင်း၊ တွေ့ ရှိအံ့သော အရပ်သည်၊ သားတော်အစဉ်၊ မြေးတော်-အဆက်၊ မြစ်တော်-အညွန့်၊ အဓွန့်ရှည်စွာ၊ ဆင်းရဲ မစပ်သော၊ ချမ်းသာခြင်းဖြင့်၊ချမ်းသာသုံးပါးနှင့် ပြည့်စုံပါမည်-ဟု လျှောက်ထား
လျှင်...
မင်္ဂလာသုတိ ရှိပေသော စကားကို ငါ့အား ဖြေဆိုသူဖြစ်သည်-ဟု၊ အလွန်ဝမ်းမြောက်တော်မူ၍၊ ရွှေကအစုံနှင့် မြင်းကောင်းတစ်စီး ဆုပေးတော်မူသည်။
ယင်းသို့လျှင် မြို့နန်းတည်ရာ အရှာ အဖွေ ထွက်သွားစေရန် နေ့ ရက် အခါ နာရီများကို ပညာရှိတို့နှင့်တွက်ချက် ရွေးချယ်စေရမည်-အမိန့်ရှိ၍၊ ရွေးချယ် ရှိနေစဉ်...
တပ်တော် အောင်လံရွက်တွင် -ဧ-သု ဟူသော ကမ္ဗည်းအက္ခရာ နှစ်လုံးသည် ရွှေမင်ဖြင့် ရေးဘိသကဲ့သို့ ထင်ရှားစွာ ဖြစ်လာပြန်သောကြောင့် ထိုအကြောင်းကို ထပ်မံ မေးမြန်းပြန်ရာ- အမတ်ကြီး ဝိဒူရကျော်ခေါင် လျှောက်သည်ကား...
အရှင်မင်းမြတ်-ကစ္စည်းဆရာ စီရင်သော သဒ္ဒါကျမ်းတွင်
ဧ-အက္ခရာသည်၊ သရအားဖြင့်သဝေထိုးကို ယူရပါမည်။
သု ဟူသော အက္ခရာသည် ဥသရကို ဝ ပြု၍ သ ကို ကပ်လျှင်
သွ ဖြစ်ပါသည်။၎င်း သွ တွင် ဧ သရ ကပ်ပြန်လျှင် သွေ ဟူ၍ ခေါ်ဝေါ်ရပါသည်။ သွေကို အနက်ယောဇနာသည်ရှိသော်-နက်ဖြန်ဟူ၍ ရပါသည်။
ယင်းသို့ဖြစ်သောကြောင့်၊ သိကြား ဗြဟ္မာတို့သည် လျင်စွာ ချီသွားစေလိုသောကြောင့် ကောင်းမြတ်သော အက္ခရာကို မဟာအောင်လံရွက်တွင် - နှိုးဆော် ထောက်ပံ့သော အရာ ဖြစ်ကြောင်းနှင့် တင်လျှောက်လျှင် ...၊
ပညာရှိတို့ တွက်ချက် တင်လျှောက်သော နေ့ရက်နှင့် တစ်ချက်တည်း ညီညွတ်သည် ဖြစ်သောကြောင့် ညီတော်နှစ်ပါးကို ချီတက်စေသည်။ ကြေးနီချောင်းသို့ ရောက်လေ၏။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment