ထိုမိဖုရား သစ်ဥ သစ်သီးတို့ကို စုံမက် နှစ်သက်ခြင်းသည် ပွေးဖြစ်ခဲ့ဘူးသော ရသတဏှာဝါသနာထုံကြောင့်၊စုံစုံမက်မက်၊ နှစ်သက်လှသော အမှုဖြင့် သစ်ဥ သစ်သီးတို့ကို မငြီးမငွေ့၊ သုံးဆောင်လေ့ဖြစ်သတည်း။
ယင်းသို့ ဖြစ်သောကြောင့် မင်းတို့မည်သည် သူစိမ်းသူကျက်တို့က ပို့ရောက်သော ဆင်ယင် အဝတ်တန်းဆာ၊ အစားအသောက်များကို အမှတ်မဲ့ ဆင်ယင် ဝတ်စားခြင်းကို မပြုမူ၍၊ သင့်-မသင့်၊ လျော်-မလျော်များကို ပညာသတိ၊ ရှိ တန်လောက်သူတို့နှင့် အသေအချာ၊ စုံစမ်းမေးမြန်းတော်မူပြီးမှ ဆင်ယင် ဝတ်စားခြင်းအမှုကို ပြုတော်မူကုန်ရာသည်။
ထိုသူတို့သာလျှင် မဟုတ်သေး။ ...ဟံသာဝတီ ဗညားနွဲ့
အမတ်၊ ဗြသပိုက် ဆိုသသူသည် နှမရင်းဖြစ်သော ဗြတ္တပါမယား
မိုးမအံရှုးက ချစ်စနိုးသည် အမှတ်ဖြင့် ပို့ရောက်သော အဆိပ်ခတ်မုန့်ကို စား၍ မှောက်မှား သေလွန်ရချေသည်။
ပုဂံပြည်တွင် အောင်ပင်လယ် မင်းရှင်စောကို ညီတော်
ကုလားကျမင်းက ပို့ဆက်သော အဆိပ်ခတ် စားတော် သုံးဆောင်တော်မူ၍ ရွှေနန်းစည်းစိမ် တစ်ရက်နှင့် နတ်ရွာစံတော်မူရသည်။
မဟာဥမင်္ဂဇာတ်တွင်- မဟာစူဠဏီ ဗြဟ္မဒတ်မင်းသည် ဆဗ္ဗိပုဏ္ဏားနှင့် အကြံတူ၍ မိဖုရားကြီး ဇလာကဒေဝီ ပို့ဆက်သော အဆိပ်ခတ်ပွဲတော်ကို သုံးဆောင်တော်မူ၍ နတ်ရွာစံတော်မူရသည်။
လောဘကို အကြောင်းပြု၍ ဟောတော်မူသော ဝေဒဗ္ဗ
ဇာတ်၌ ခိုးသားနှစ်ဦးတို့သည် တစ်ဦးသော ခိုးသားက ပေးပို့သော အဆိပ်ခတ်ထမင်းကို အကြွင်းမဲ့စား၍ မှောက်မှားသေဆုံးခြင်းသို့ ရောက်ရချေသည်။
ဤအရာများသည် သမိုင်းရင်းတွင် မပါသော်လည်း ပညာသတ္တိ၊ ကဝိတစ်ဆူ၊ ပြုလိုသူတို့၊ လွယ်ကူမှတ်သားရန် အချက်ကို
အမြွက်မျှ ရေးသား ထည့်သွင်းလိုက်သော အာဘော်တည်း။
ဤသို့လျှင် ပန်ထွာမင်းသမီး သစ်သီးသစ်ဥကို စား၍ မှောက်မှာ ကွယ်လွန်ရကြောင်းနှင့် မယ်တော်ဘီလူးမ ကြားသိလေလျှင် အလျင်တဆာ လာရောက်ပြီးမှ မင်းသမီးအလောင်းကို လူအပေါင်း မသိရအောင် ကြည်းဆောင် ခိုးယူ၍ ဗိဿနိုးမြို့ နန်းတော်တွင် ဖုတ်ကြည်း သဂြိုဟ်ခြင်းကို ပြုပြီးနောက် တစ်ရက်လောက် မကြာ
ချစ်ခင်လှသော မေတ္တာ ရင်ကွဲနာနှင့်၊ ခန္ဓာပျက်စီးခြင်းသို့ ရောက်လေ၏။
မင်းသမီး ဘီလူးမတို့ သေကွယ်ကြလျှင် ပြည်သူတို့ မင်းသံချ၍ မေးသောကာလ မိသား နှစ်ဦးတို့၊အထူးအမြတ်၊ မြို့စောင့်နတ် ဖြစ်ကြောင်းနှင့် ပြန်ပြောသောအရ၊ ယခုတိုင် ဗိဿနိုး မြို့မအတွင်း
မယ်တော်နတ်ကွန်းမှာ-ဆောက်ရိုး၊ စကြော အရှေ့က ထား၍၊
သားခုနစ်ကောင်၊ ငါးခုနစ်ကောင်များကို စားမြိန် စားထုပ်နှင့် တင်ကြား ပသရသည်။
မင်းသမီးနတ်ကွန်းမှာ - အနောက်က နှစ်ထပ်လည်ပေါ်ဆောက်လုပ်၍ သက်သတ်မပါ။ သစ်သီးခုနစ်မည်၊ သစ်ဥ ခုနှစ်မည်၊ ပန်းခုနစ်မည်များနှင့် တင်ကြား ပသရသည်။
ဤကား-တောင်တွင်းကြီးမြို့အနောက်၊ ခရီး ၅-တိုင်ကွာတွင်
စတုရန်းတာ လေးထောင် (၄ဝဝဝ) အချင်းတာ တစ်ထောင် (၁ဝဝဝ) ရှိသော ပန်ထွာပြည် ဗိဿနိုးမြို့၏ အကြောင်းအရာ
အတ္ထုပ္ပတ္တိ ဆိုရာ ဆိုကြောင်း ဖြစ်သော
ဒုတိယပိုင်းကား ဤမျှတွင်
ပြီး၏။
0 comments:
Post a Comment