မြတ်စွာဘုရား သာသနာတော် ၁၃၇၃၊ သက္ကရာဇ် ၁၉၁-ခုတွင် မဇ္ဈိမဒေသဖြစ်သော ကလိင်္ကရဇ်ပြည်မင်းကြီး၏ မိဖုရားခေါင်းကြီးတွင်...မင်းပြောင်၊ မင်းရောင် မင်းနောင်၊ မင်းနဂါးဟူ၍ သားတော်လေးပါး၊ မယ်စော အမည်ရှိသော သမီးတော်တစ်ပါး၊ ပေါင်း ၅-ပါးကို ဘွားမြင်တော်မူပြီးနောက် မယ်တော်မိဖုရားကြီး နတ်ရွာ
လွန်လျှင်- ပဉ္စကလျာအမည်နှင့် ဣနြေ္ဒမူလ သင့်တင့်လျောက်ပတ်သော ကိုယ်လုပ်တော်တစ်ယောက်ကို မိဖုရားမြောက်ရါတွင် စန္ဒာအမည်ရှိသော သတို့သားကို ဖွားမြင်လေ၏။
တရံရောအခါ ပြည့်ရှင်မင်းအား တူတော်ဖြစ်သော သေနက စစ်သူကြီးသည် အဆိပ်ခတ်သော ပျားမုန့်ကို ပို့ဆက်လှာ၏။ မင်းကြီးလည်း ကောင်းနိုးထင်၍ ပွဲတော် တည်မည်ရှိရာ- ပဉ္စကလျာ မည်သော မိဖုရားသည် ဤသို့ လျှောက်၏။
အရှင်မင်းကြီး မင်းတို့မည်သည် ကြဉ်ရှောင်ရာသော အကြောင်း ငါးပါးရှိပါသည်။ ငါးပါးဟူသည်ကား...
၁- အခြားသူတို့ ဆက်သသော အဝတ်အစားကို မစူးစမ်းမူ၍ မဝတ် မစားရသည် တပါး။
၂- အဝတ်ပုဆိုးတင်သော ကြိုး၊ ကြိမ်တန်းအောက်သို့ မလျှိုမဝင်ရသည်တစ်ပါး။
၃- ရာသီပန်း ပန်သော ကိုယ်လုပ်မောင်းမတို့နှင့် မွေ့လျော်ခြင်းကို မပြုရသည် တပါး။
၎- အရက်သေစာ မကျူးရသည် တပါး။
၅- ချမ်းသာခွင့် ရောက်အောင်၊ မစချီးပင့်ပေသောသူ၊ ရန်ကို တားမြစ်နိုင်သောသူ၊ အသက်ဘေးကို ကယ်ဆယ်ဘူးသော သူတို့ကို အသက်မသေစေရသည်တပါး။
ဤသည်လျှင် မင်းတို့ ရှောင်ကြဉ်ရာသော တရားငါးပါး ဖြစ်ပါသည်။
ယင်းသို့ဖြစ်၍ ယခုဆက်ကပ်သော စားတော်တွင် အခွင့်ပေးတော်မူပါလျှင် အနည်းငယ်မျှသော စားတော်ကို ကျွန်တော်မ စားရပါစေဦးဟု၊ တင်လျှောက်လျှင်..မိဖုရားကို မစားစေဘဲ၊ ကြောင်-ခွေး အစရှိသည်တို့ကို ကျွေးရာ၊ စားသော ခဏ၌ လတ်တလော သေလေ၏။
သေနက စစ်သူကြီးကိုလည်း နန်းကြမ်းပြင်တွင် ကွပ်မျက်တော်မူလေသည်။
ပြည့်ရှင်မင်းသည် အသက်၏ ချမ်းသာခြင်းကို အကြိမ်ကြိမ် အောက်မေ့တော်မူပြီးမှ မိဖုရား၏ ကျေးဇူးသည် မိမိ အသက်ကို သေစေ၍ ငါ၏အသက်ကို ရှင်အောင် အကျိုးဆောင်သူ ဖြစ်ပေသည်ဟု ကျေးဇူးကြီးမားလှသော မိဖုရားအား ကြိုက်နှစ်သက်သောဆုကို ယူ ဟု ခွင့်ပေးတော်မူ၏။
မိဖုရားသည်လည်း အခြားသောဆုကို အလိုမရှိပါ၊ သားတော်ငစန္ဒကို သူကောင်းပြုတော်မူပါဟု လျှောက်လျှင်- သားကြီးများပင် ရှိငြားသော်လည်း အသက်ချမ်းသာအောင် ကယ်ဆယ် သတိပေးသူဖြစ်၍ မိဖုရားတောင်းသော ဆုအတိုင်း သားတော်ငစန္ဒကို နန်းလျာဆု ပေးတော်မူ၏။
ခွင့်ပေးတော်မူပြီးနောက်-အထက် သားတော်လေးပါးကို ခေါ်၍ အမောင်တို့၊ ...ညီတော် ငစန္ဒကို သင်းအမိကျေးဇူး၊ အထူးကြီးမားသည်ဖြစ်၍ နန်းဆုပေး၍ ရှိလေပြီ။ သားတော်တို့ ဤတိုင်း ဤပြည်တွင် နေလျှင် ရန်စစ် များစွာဖြစ်မည်။ ဘေးတော်ဖြစ်သော ဥက္ကာမုခမင်းတို့ကဲ့သို့ အလိုရှိရာ လက်နက်ဆင်မြင်း သင်းပင်း ကျေးကျွန်တို့ကို ယူဆောင်၍ တောတောင်သန့်ရှင်း၊ ခင်းကျင်းသာယာ၊ စည်မျက်နှာကဲ့သို့ ညီညာသော အရပ်သို့ သွားပြီးလျှင် ခမည်းတော် စံနေသော တိုင်းပြည်နှင့် အတူ၊ မြို့ ရွာ ထီး နန်း၊ တည်ထောင်ပြုစု စံနေကြလေလောဟု အမိန့်တော်ရှိလျှင် သမီးတော် မယ်စောလည်း မောင်တော်များနှင့်အတူ ရေပူရေချမ်း၊ ကမ်းလှမ်းလိုက်ပါလိုကြောင်း အခွင့်တောင်းသည်ကို ခွင့်ပေးတော်မူလေ၏။
သားတော်တို့သည်လည်း လောကီအတတ်ပညာများ
ကို ပါရဂူရောက် တတ်မြောက်တော်မူသည်နှင့် တိုင်းပြည် ထီး နန်း၊ ကိန်းခန်းခေတ် သမယများကို တွက်ချက်ကြည့်ရှုရာ၊ ကာလိင်္ကရဇ်ပြည်၌ ခမည်းတော် လွန်လျှင် မင်းဆက်ပြတ်၍ တိုင်းသူပြည်သား၊ ပျက်ပြား ယိုယွင်း၊ရှိအံ့သည်ကို မြင်တော်မူ၍၊ ရွှေနန်းရာဇပလ္လင်၊ ဦးကင်တော်ဦးတွင်၊ ခမည်းတော်ဘုရား၊ ကိုးကွယ်၍ ထားသော သရီရဓာတ်တော် တနာဠိကဓံနှင့် ရတနာပြောင်မွန် ဆင်တော်ကို တင်လျှောက်တောင်းယူပြီးလျှင် ခမည်းတော်အား ရိုသေလေးမြတ်စွာ ကန်တော့ကြပြီးမှ မောင်နှမငါးယောက် မှူးမတ် ဗိုလ်ပါ နှစ်သောင်း(၂၀၀၀၀) “တို့နှင့် ဆင်တော်တွင် သရီရဓာတ်တော်များကို နဝရတ်ကိုးပါးဖြင့် ပြွမ်းသော ရွှေပန်းတောင်း၌ ထည့်၍ ခရီးရှေ့ညွှန် ထားပြီးလျှင် ဆင်တော်နောက်မှ အစဉ်အတိုင်း လိုက်လာခဲ့ကြရာ ဇမ္ဗူဒီပါကျွန်းအဝင် ဒွါရာဝတီမြို့၏ အနီးတပ်တော်ဆိုက်ရောက် စွဲရပ်၊ ချနေတော်မူပြီးလျှင် ထိုပြည်၌ စန္ဒသူရိယမင်း သွန်းလုပ် ကိုးကွယ်တော်မူသော မဟာမုနိရုပ်ရှင်တော်မြတ်ကို ဝတ်တက်၊ နေ့ဆက် လှူဒါန်းတော်မူသည်။
တနာဠိက = တစ်ခွက် သို့မဟုတ် တစ်ပြည်။
ဦးဉာဏပူ၌ တစ်သောင်း-ဟု ရှိသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment