Pages

Subscribe:

Search This Blog

Tuesday, July 3, 2018

ပွေးဖို-ပွေးမ

          လွန်လေပြီးသော ဘဝ၊ အတိတ်သော ကာလ၌၊ ထို မင်းမိဖုရားတို့သည်၊ ပွေးဖို ပွေးမ ဖြစ်ကြသောအခါ ပွေးဖိုသည်၊ အလိုရှိရာ ပွေးမနှင့်သာ ပျော်ပါး၍၊ အစားအသောက်၊ သစ်ခေါက် သစ်ဥ၊ နုနုထွားထွား၊ ရပါငြားလည်း၊သနား ကရုဏာ၊ ရှင်းရှင်းကွာလျက်၊ မေတ္တာကြီးမားသော ပွေးမကိုသာ၊ ဝေစားသောက်ခြင်း။ တစ်ခုသော
အကြောင်းနှင့် မရှောင်သာ မလွှဲသာ တွေ့ ကြိမ်သောအခါလည်း၊ မညှာ မတွယ်၊ သင်းမျှနှယ်ဟု၊ တွင်းငယ် ကယ်ပေါက်က၊ တလျှောက်တည်း ထွက်ပြေး၍၊ သေဘေးရောက်လူ၊ ဤသို့သော အမှုသည် ယခုဘဝ၊ ပစ္စက္ခမှ၊ဒေါသမုန်းပွဲ၊ ရန်စခဲလျှင်၊ အထဲမကြေ၊ သို့ဖြစ်လေသောကြောင့်၊ သေသည်၏ ဘဝ၊ နောက်ကာလတွင်၊ ရှည်သမျှ
ကမ္ဘာ၊ ဖြစ်လေရာ၌၊ အကြင်နာ နည်းပါး၊ ခိုက်ပျိုးရန်လို၊ဤပွေးဖိုနှင့်၊ ရှေးကုသိုလ်ကံ၊ မဆက်ဆံရအောင်၊ အကြံကြီးမား ရှိစဉ်ခိုက်။


           သုံးတိုက်လုံး မှန်ကူ၊ သယမ္ဘူ ထွဋ်ထား၊ ဝိသုဒ္ဓိနတ်ဖျားသည်၊ မပြတ်သော ဒေသစာဖြင့်၊ ဝေနေယျာအများကို၊ တရားရေအေး၊ တိုက်ကျွေးတော်မူသည်။

          ညီတော်အာနန္ဒာကို နောက်ရံအရာထားလျက် ပတ္တမြားတံဆိပ်၊ ဖိုးဦးခေါ် တောင်တော်ထိပ်သို့၊ နှိပ်တော်မူစဉ်အခါ၊ အကြင်နာ နည်းပါးသော၊ လင်မယား ပွေးဖို-မတို့သည်၊ ဒါနကို ရှေ့မြော်၍၊ ပူဇော်စရာ မြေမှုံ့ဖြင့်၊စုံ့စုံ့တက်အောင်၊ တစ်တောင့်တစ်ထွာမျှ၊ ပူဇော်ကြသည်ကို၊ ဘဂဝါ ပရမေ၊ ငါးမာရ်ချွေလည်း၊ ဤမြေမူံ့ပန်းဖြင့်၊
ကြဲဖြန့် ဒါန၊ ပြုကုန်ကြသော ပွေးဖို-မ နှစ်ခု၏ ၊ ကောင်းမှုကုသိုလ်၊ အလိုလို ပြည့်စုံအံ့သည်ကို မြင်တော်မူ၍၊ သိတ-ဟသိတ စသော ပြုံးရယ်ခြင်း ၆-ပါးတို့တွင်။ ဘုရား၏ ပြုံးခြင်းဖြင့်၊ နှလုံးသွင်းတော်မူလျက်၊ ပြုံးတော်မူသည်ကို ညီတော်အာနန္ဒာ မေးလျှောက်သောကာလ...

          ငါ၏ သာသနာတော်၊ တစ်ရာကျော်လျှင်၊ တေဇော်ကြီးမား၊ ပွေးမောင်မယ် လင်မယားတို့သည်၊ တိုင်းခြားပြည်သီး၊ တထီးတစ်နန်းစီ၊ ဆုတောင်းရင်း ပါရမီနှင့်၊အညီ ထပ်တူ၊ မင်းမူမည့် အဖြစ်ကို ဓမ္မရာဇ် ရှင်စော၊ မိန့်ဟောတော်မူလေသည်။

0 comments:

Post a Comment