ထိုအခါ သိကြားပေးသော အတုလစည်တော်ကို တီးလျှင် လှိုင်း တံပိုး ထလျက် ရေအယာဉ် ပြင်းစွာလာသည်နှင့် မြို့ရင်းသို့ မချဉ်း မကပ်နိုင်၊ သစ် ဝါး ဖောင် အစရှိသည်တို့ဖြင့် ပြုလုပ်ကူးကြငြားသော်လည်း ရေစီးရေလာ ပြင်းပြလှသောကြောင့် အောက် ကြေသို့သာ မျှောသွား ပျက်စီးခြင်း ဖြစ်ကုန်ကြသည်။
ထိုအကြောင်းကို မှူးမတ်ပညာရှိတို့နှင့် တိုင်ပင်ညီညွတ်
ကြပြီး ၀ဉ္စနခြောက်ပါးတွင် ပရိယာဝဉ္စန၌ လိမ္မာကြေပြွန်သော ယောက်ျားတစ်ယောက်ကို နနွင်းဆိုးသင်္ကန်းဝတ်စေလျက် ပန်ထွာပြည်တွင်းသို့ ဝင်ရောက် ဖျက်ဆီးစေ၏။
အကြောင်းသည်ကား ထိုရှင်ယောင်သည် သူခိုးအတတ်၌ တတ်စွမ်းသူ၂-ယောက်တန်၊ ၃-ယောက်တန်လူကို ခေါ်သွားပြီးလျှင် ပန်ထွာမင်းသမီး၏ အဘဖြစ်သော မြို့ဦး ရသေ့ထံ ဆည်းကပ် နေထိုင်၊ ဝတ်ကြီး ဝတ်ငယ်တို့ကို ပြုလုပ်၊ အယုံသွင်း၍ သုံးလကျော် လေးလခန့်ရှိလျှင် ခိုးယူတတ်သူတို့ကို မြို့တွင်း၌ ရှိသော နွား ကျွဲ ရွှေ ငွေ အစရှိသည်တို့အား ခိုးယူစေပြီးလျှင် သင့်ရာရပ်ကွက်များတွင် ထောင့်ချည်ဝှက်ထားကြလေသည်။
ယင်းသို့ ပြုဘန်များသဖြင့် ဆရာရသေ့ကျောင်း၌ မှီတင်းနေထိုင်သော ရှင်ယောင်အား မေးလျှင် ရှင်ယောင်လည်း ထောင့်ချည်ဝှက်ထားသော နေရာအရပ်များကို သေချာအောင် ဟောပြောရယူကြသဖြင့် ထိုရှင်ယောင်အား ကြည်ယုံ လေးမြတ်၊ မပြတ်ကိုးကွယ်ကြ ကုန်သည်။
တရံရောအခါ ထိုရှင်ယောင်သည် ဆရာရသေ့နှင့်အတူ မင်းသမီးနန်းသို့ ဆွမ်းစားဝင်ရာ မဟာအတုလမည်သော ဤရန်ပယ်စည်ကြီးသည် အင်းအိုင် မန္တာန် ကောင်းစွာနှံ၍၊ ထပ်မံ ပြုလုပ်ရလျှင် ယခုအခါထက်များစွာ တံခိုးကြီးခြင်း၊ ရန်သူ မင်းတို့ကို နှိမ်နင်းနိုင်သော လက်နက်မိုးတို့ကို ရွာစေခြင်း၊ တိုင်းတော်ပြည်တော်၌ ရေစာ စပါး ပေါများ ကြွယ်ဝအောင် မိုး-၃ ချက်တို့ဖြင့် ညီညွတ် ဖြောင့်မတ်စွာ ရွာစေခြင်း စသောအကျိုးထူးတို့သည် ထင်ရှား ဖြစ်လတ္တံ့သည် တမုံ့-ဟု ပြောဆိုသော စကားကို ယုံမှား လိုက်မှား၍ ပြင်ဆင်ပါ အခွင့်ပေးလျှင်...
ရှေးရှေး ပုညကံ၊ ကုန်ချိန်တန်သဖြင့် အတုလစည်တော်ကို သင့်လျော်သော သားရေတွင်၊ အထွေထွေ ပယောဂ၊ ရှုံ့ချ စီရင်၊ ပြင်ဆင် ကျက်လွှမ်း ပြီးလျှင်၊ သင်္ကန်း ဝတ်သော ရှင်ပျက်သည် ပြေးထွက်လေသတည်း။
အတုလစည်တော်လည်း၊ တီး၍မမြည်၊ မကြည်လင်သော အသံ၊ တရံတဆစ်မျှ၊ နာခံဘွယ် မရှိ၊ ဖြစ်လေ၏။
ဝန်းရစ် ယှက်ကာသော ရန်ပယ်ချောင်းသည် ဆောင်းနှောင်းနွေစ၊ တပေါင်းလကဲ့သို့၊ ထောင်းထောင်းမြူမှုံနှင့်၊ ရေဟုန်မကျ၊ ယင်းသို့သော ကာလတွင်၊ သရေခေတ္တရာပြည်ရှင် ဒွတ္တဘောင်မင်းကြီး၏ စစ်ဘုရင်တို့သည်၊ ထွက်ဝင်လွယ်ကူ၊ သိမ်းယူဖျက်ဆီးကြသဖြင့်၊ မြို့ဝန်းကျင်ပတ်လည်၊ ပေပင် ပေါက်ကာတည်သော၊ ရွှေပြည်ပန်ထွာသည်၊ ထိုအခါ ပျက်စီးခြင်းသို့ ရောက်လေသောနှစ်
သက္ကရာဇ်ကား တစ်ရာသုံးခုနှစ်ပင် ဖြစ်သတည်း။ ဤအခါ ဒွတ္တဘောင်မင်းကြီးကား ရွှေနန်းစည်းစိမ် ၃-နှစ်မျှ ရှိသေးသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment