တရံရောအခါ၊ ထိုနံ့သာနှင့် ထုံသော မျက်သုတ်တော် ပုဝါကို ဆက်လေလျှင် မင်းကြီးသည် သဘောအားဖြင့် မြတ်နိုးရိုသေသည် အမှတ်နှင့် မျက်နှာတော်သုတ်မိ၏။
ယင်းသို့ သုတ်မိလေလျှင်- မျက်လုံးတော် နှစ်ဖက်ကြားတွင် ရှိသော မှည့်ရှင်တော်သည် ပျောက်ကွယ်ခဲ့လေ၏။
မှည့်ရှင်တော်၊ ကွယ်လျှင် ဂဠုံမင်းက ပေးသော သံလေး သံမြှား သိကြားမင်းက ပေးသော အရိန္ဒမာလှံ ပျံ၊ သီလဝံသ ထား၊ နတ်စစ်သည်များသည် ကွယ်ပျောက်ခဲ့သည်။
ခြေရင်း အလုပ်အကျွေးဖြစ်သော နဂါးမင်းသမီး ဘေစန္ဒီလည်း နဂါးပြည်သို့ ပြန်ခဲ့၏။
ယင်းသို့ ဘုန်းတံခိုးညံ့ပြီးမှ- ပုသိမ်မြို့မှ တစ်နှစ်လျှင် ငွေစင်တစ်သောင်း၊ ဆက်သမြဲ အခွန်တော်လည်း မဆက်သဘဲ နေလေ၏။ ခေါင်းလောင်းစည်းကြီးများသည်လည်း၊ ရေမှာ ကျနစ်လေ၏။ အခွန်တောင်းဖြစ်သော ပဉ္စင်းဖြူ၊ ပဉ္စင်းညိုတို့သည်လည်း တိမ်းရှောင်ထွက်သွားကြလေ၏။
ဤသို့လျှင် ...ပွေးဖို ပွေးမတို့ကို၊ ဖိုးဦးတောင်ထိပ်က ဗျာဒိတ် ပေးသော အကြောင်းအမြွက်ကို သက္ကရာဇ် ၁၀၉၈-ခုနှစ်၊ ဘွားတော်မူ၍ ၁၁၂၅-ခုနှစ် ရွှေနန်းတက်တော်မူသော ရတနာပူရ၊ တတိယမြို့တည်၊ ဆင်ဖြူရှင်ဘုရား ရွှေလက်ထက်တော်၊ ပခန်းကြီးမြို့၊ ပဲခူးဆရာတော်တူ၊ မြန်မာပုဏ္ဏားမျိုး၊ ရဟန်းလူထွက် ဦးဖျော် ရေးသော စဉ့်ကူးမင်း ဧချင်းတွင်...
“ထိပ်ပြင် ဖိုးဦး၊ စက်ကွန့်မြူး၍၊ မိန့်ဘူး ရွှေနှုတ်၊ မှန်တသုတ်ကြောင့်၊ ဂါဝုတ်လေးပြန်၊ ဘူမိ ကြန်ထက်၊ သူမွန်သိကြား၊ ခုနစ်ပါးတို့၊ ဝန်းလျား မစ၊ သုံးဌာနကို၊ သတ္တရက်ကြာ၊တည်၍သာလျှင်၊ ကောဇာတက်မှု၊ ရာ့တစ်ခုတွင်၊ ဇမ္ဗူ တန်ဆောင်၊ ဒွတ္တဘောင်”ဟု စပ်ဆိုလေသည်။
ယင်းသို့သာမဟုတ်သေး...ဒွတ္တဘောင်မင်းအား ပန်ထွာမိဖုရားက မျက်သုတ်တော် ပုဝါဆက်၍ ပျက်စီးခြင်းသို့ ရောက်သော
အကြောင်းကိုလည်း
”တစ်တိုင်း တစ်နိုင်ငံက ဆက်ရောက်သော အသုံးအဆောင်တို့ကို မင်းတို့မည်သည် အမှတ်မဲ့ မသုံးဆောင်သင့်။ပန်ထွာမိဖုရား ဆက်ကပ်သော မျက်သုတ်တော်ကိုအမှတ်မဲ့ ဒွတ္တဘောင်မင်းကြီး သုံးဆောင်သောကြောင့် မှည့်ရှင်တော်ကွယ်၍ ဘုန်းတန်ခိုး အာနုဘော် ညံ့ကြောင်း။ မဏိရတနာပုံ ကျမ်းစာတွင် ဝန်းဇင်းမင်းရာဇာ လျှောက်တင်သော စကား။
ယင်းသို့သော စကားများနှင့် ဗိဿနိုးမြို့ သမိုင်း စကားသည်
တပြေးညီ လျက် ရှိသည်ဖြစ်၍ ဝိဝါဒ ကလဟ မဖြစ်သင့်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment