ယင်းသို့သောအခါ ဆင်တော်ပေါ်၌ ရှိသော ဓာတ်တော်များကို ချယူမည် ရှိရာ၊ အချအယူကို မခံ၊ ရတနာပြောင်မွန် ဆင်တော်သည် မုံမာန်ပွါး၍ အနီးအပါးနေသူတို့ကို ဝှေ့နင်းအံ့သို့ ဖြစ်သောကြောင့် မင်းညီနောင် နှစ်ပါးတို့သည် ရွှေနှလုံးတော် မကြည်ရှိကြသည်နှင့် ထိုအကြောင်းကို အမတ်ကြီး ပဏ္ဍိစ္စလျှောက်သည်ကား
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူသည်နောက်
နှစ် ပေါင်း (၂၃၆) နှစ်ရာသုံးဆယ့်ခြောက်ခုနှစ်တွင် သီဟဠဒီပ ကျွန်းကို အစိုးရတော်မူသော ဒေဝါနံပိယတိဿ မင်းကြီးသည်၊ မဟာစေတီတော်ကြီးကို တည်လုပ်တော်မူ၍ ဌပနာရန် ဓာတ်တော်များကို
ဆင်တော်နှင့် တင်ယူလာရောက်၊ ဓာတ်တော်ကို ချယူရာ- ဆင်တော်သည် အချ အယူ မခံ၊ မုံမာန်ပွားများခြင်းကြောင့်၊ မှူးတော် မတ်တော်တို့ကို မေးတော်မူရာ မှူးမတ်တို့ လျှောက်သည်ကား...
မြတ်စွာဘုရားတို့၏ သရီရဓာတ်တော် မွေတော်မြတ်
သည် မြင့်မြတ်သော နေရာမှ နိမ့်သော နေရာသို့ သက်တော်မူမြဲ မဟုတ်ပါ။ ဆင်တော် ကျောက်ကုန်း၌ရှိသော ဓာတ်တော်တို့ကို နိမ့်သော နေရာသို့ မချမယူဘဲ၊ ဌပနာတိုက်သို့ သွင်းယူမှ သင့်ပါမည်
လျှောက်ထားလျှင်...မင်း၏ ကိုယ်တိုင် ချယူမှ ဆင်တော်သည် မတုန်မလှုပ်၊ ကိုင်းညွတ် ရိုသေ၊ အငြိမ်အဝပ် ခံ၍၊ ဓာတ်တော်များကို မဟာစေတီတော် ဌပနာတိုက်သို့ သွင်းရကြောင်း။ ထုံးဟောင်း သက်သေရှိသည်အတိုင်း၊ ယခုတုံသည်လည်း ဓာတ်တော်များကို လမ်းစဉ်တလျှောက်၊ တပ်စခန်း၊ တဲနန်းဟူ သရွေ့မှာပင် ဆင်တော်ကသည် နိမ့်ရာအရပ်သို့ မချ၊ မယူမြင့်ရာဖြစ်သော ပြာသာဒ်တန်ဆောင်းလျောင်းတော်ဦးများတွင်၊ ဆောင်ယူကိန်းဝပ်တော် မူရပါသည်။ ယင်းသို့ဖြစ်သောကြောင့် ဆင်တော်ကသည် အောက်သို့ မချ မယူ၊ ပြာသာဒ်တန်ဆောင်း.ကောင်းမွန်စွာ လုပ်ဆောင် ပင့်ထားကိန်းဝပ်တော်မူစေပြီးမှ၊ စေတီတော် အလျင်အမြန်၊ ထပ်မံ တည်လုပ် ဌပနာရလျှင်၊ သင့်လျော်ပါမည်...လျှောက်ထားလျှင်
အမတ်ကြီး ပဏ္ဍိစ္စ လျှောက်သော စကားကို အားရ နှစ်သက်တော်မူသည်ဖြစ်၍၊ ကောင်းမွန်လှစွာ တန်ဆောင်းဆောက်လုပ်ပြီးမှ ဓာတ်တော်များကို မင်းညီနောင်နှစ်ပါး ကိုယ်တိုင် ပင့်လျှောက်ရာ...ရတနာပြောင်မွန် ဆင်တော်သည် ယဉ်ကျေးသိမ်မွေ့သဖြင့် မတုန်မလှုပ် သည်းခံ၍ နေလေသည်။
စေတီတော် ထပ်မံ တည်လုပ်ရန် အခမ်းအနားကို အလျင်တဆော တည်လုပ် ပြီးစီးစေလိုသော ဆန္ဒနှင့် သောကအားကြီး၍ ငြီးငြူတွေမှိုင် ရှိနေစဉ်
“ထိုစေတီတော်နှင့် မနီးဝေး တာ (၂၀၀) နှစ်ရာကွာခန့်အရပ်တွင် အုဋ်ဖိုအများသည် ယနေ့ ဖုတ်သစ်စ ပမာဏကဲ့သို့ တွေ့ရှိရပါကြောင်း”
သူအိုတစ်ယောက်က တင်လျှောက်လာလျှင်...
သိကြား၊ စတုလောကပါလ စသော သမာဒေဝနတ်ကောင်းနတ်မြတ်တို့သည် ငါတို့ညီနောင်လေးပါး တည်ထားအံ့သော ကောင်းမှုကုသိုလ်၊ အလိုတော်အတိုင်း၊ မဆိုင်းမတွ၊ နေ့ည ပြည့်စုံအောင်၊ ကြံဆောင် မစ၊ ကူညီကြ၏ဟု၊ ညီနောင်နှစ်ပါးတို့၊ အားရဝမ်းမြောက်၊ လက်ပမ်းပေါက်တီးတော်မူသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment